မကွေးမြို့တွင် လျှပ်စစ်ဝါယာ ရှော့ခ်ကြောင့် နေအိမ် ၃ လုံး မီးလောင်
DVB
·
December 23, 2017
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မြကန်သာရပ်ကွက် (အေ)အုပ်စု ဗန္ဓာပင်လမ်းမှာ ဒီဇင်ဘာ ၂၂ ရက်နေ့ညနေ ၆ နာရီ ၁၀ မိနစ်လောက်က လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ပြီး နေအိမ် ၃ လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။
မကွေးမြို့ ကန်သာရပ်ကွက် (အေ) အုပ်စု ဗန္ဓာပင်လမ်း အိမ်အမှတ် (၁၈၅)နေ ဦးမောင်မောင်(ခ)ဦးစောလင်းရဲ့ နေအိမ်ရှိ တီဗွီအားဖွင့်ထားခဲ့ပြီး အိမ်အပြင် ထွက်ထိုင်နေချိန် ဝါယာရှော့ဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့တယ်လို့ ထွက်ဆိုကြောင်း မကွေးမြို့မစခန်းမှူး ရဲမှူးစိုးဝင်းက ပြောပါတယ်။
မီးလောင်ကျွမ်းရာကို မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်တွေ၊ ခရိုင်တာဝန်ရှိသူတွေ၊ မီးသတ်ဦးစီးဌာနတာဝန်ရှိသူတွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ မီးသတ်ကား ၁၁ စီး၊ ရေသယ်ယာဉ် ၃ စီးတို့နဲ့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၇ နာရီမှာ မီးလုံးဝငြိမ်းသွားခဲ့တယ်လို့ ရဲမှူး စိုးဝင်းက ဆိုပါတယ်။
မကွေးမြို့မရဲစခန်းက မီးစတင်လောင်ကျွမ်းခဲ့တဲ့ နေအိမ်ပိုင်ရှင် ဦးမောင်မောင်ကို မီးပေါ့ဆစွာ သုံးစွဲမှု ရာဇသတ်ကြီးပုဒ်မ-၂၈၅ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း-မင်းထီး