စစ်တွေမြို့ ရဲတပ်ရင်းရှေ့ စက်သုံးဆီသိုလှောင်သည့် ဆိုင်ခန်းများ မီးလောင်
DVB
·
December 9, 2017
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ စက်ရုံစုရပ်ကွက်၊ ရဲတပ်ရင်း ၁၂ ရှေ့က စက်သုံးဆီသိုလှောင်ရာ ဆိုင်ခန်းတွေမှာ ဒီဇင်ဘာ ၈ ရက် ညနေ ၅ နာရီလောက်က မီးလောင် ကျွမ်းခဲ့ပါတယ်။
မီးလောင်နေရာကိုရောက်ရှိနေတဲ့ ဒီဗွီဘီသတင်းထောက် ဦကိုကိုကြီးက “ကျနော်က ၄ နာရီအချိန် ကတည်းက ရောက်နေတာလေ။ အခုကျနော်ရှိနေတဲ့ အချိန်အထိဆိုရင် ၆ နာရီ ၁၅ မိနစ်အထိ ဆီးပုံတွေ ဆက်တိုက်ပေါက် နေဆဲရှိနေပါတယ်။ အဲဒီမှာတော့ ကျနော်တွေ့ သလောက် မီးသတ်ကားတွေရှိတယ်။ ကြက်ခြေနီရှိတယ်။ ရဲရှိနေပါတယ်။ သူတို့တွေကတော့ ဝိုင်းပြီးမီးသတ်နေကြတယ်။ ခက်တာက ဆီဆိုင်ဖြစ်နေတာကြောင့် မီးသတ်လို့ မရဘူးဖြစ်နေတယ်။ ၅ မိနစ်လောက်တကြိမ်လောက် ဆီးပုံတွေထ ထပေါက်နေ တာတွေ့တယ်” လို့ ဆိုပါတယ်။
စစ်တွေမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၁၀ စီးနဲ့ မီးငြှိမ်းသတ်ခဲ့ရပြီး ဓာတ်ဆီတိုင်ကီတွေ ပေါက်ကွဲမှုဆက်တိုက် ဖြစ်နေလို့ ဝင်ရောက်မီးသတ်ဖို့ ခက်ခဲခဲ့ကြောင်း၊ ည ၁၀ နာရီကျော်မှာတော့ မီးညွန့်ကျိုးသွားတယ်လို့ ဆိုပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် ၁ ဦးဒဏ်ရာရှိထားတယ်လို့ သိရပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးကိုတော့ မသိရသေးပါဘူး။
သတင်း-ဝဏ္ဏခွာညို