နိုင်ငံတကာ နိုင်ငံရေးဇာတ်ခုံပေါ်မှ မြန်မာပြည်အခြေအနေ - အယ်ဒီတာစကားဝိုင်း (ရုပ်သံ)
DVB
·
November 21, 2017
ဦးတိုးဇော်လတ် (ဒီဗွီဘီ)
“ဒေါက်တာရန်မျိုးသိမ်းကို အရင်မေးပါရစေ။ အခုတလော ရခိုင်ကိစ္စပြီးတော့ ဒေါ်အောင်ဆန်းစုကြည် အေးပက်အစည်းအဝေး သွားတက်တယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်ကို လာတယ်။ အခုဆိုရင် အာဆီယံနဲ့ ဥရောပ ထိပ်သီးခေါင်းဆောင် ၅၀ ကျော် မြန်မာပြည်မှာ တွေ့ဖို့ရှိတယ်ပေါ့။ အဲဒီတော့ မြန်မာပြည်ရဲ့ နိုင်ငံတကာဇာတ်ခုံပေါ်မှာ ဆက်ဆံရေးအနေနဲ့ ဘာတွေများရှိလဲ၊ ဘာတွေများ သတိထားမိလဲ။ အဲဒါလေး အရင်ဆုံး စပြီး ဆွေးနွေးပေးပါ ခင်ဗျ။”
ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေးဆောင်းပါးရှင်)
“ကျနော့်အမြင်ကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူကနေ တိုက်ရိုက် ရွေးကောက်တင်မြှောက်တဲ့ အစိုးရလက်ထက်မှာ လတ်တလော အခြေအနေမှာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဖိအားပေးမှုတွေ၊ ပြည်တွင်းမှာလည်းပဲ အကျပ်အတည်းတွေ ရင်ဆိုင်နေရတဲ့ ကာလတခုလို့ ပြောရင် မမှားနိုင်ပါဘူး။ လက်ရှိအခြေအနေမှာ ကျနော်တို့နိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေးဟာ အင်မတန်မှ အရေးကြီးတယ်လို့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမေရိကန်ပြည်ထောင်စုဟာ ကျနော်တို့နိုင်ငံကို ၁၉၈၈ ခုနှစ် နောက်ပိုင်းကတည်းက အင်တိုက်အားတိုက် ထောက်ခံခဲ့တဲ့ နိုင်ငံကြီးတနိုင်ငံ ဖြစ်တယ်။ လက်ရှိအခြေအနေမှာလည်း ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲက အင်မတန်မှ သိမ်မွေ့ပြီးတော့ အင်မတန်မှ နုနယ်တဲ့ အနေအထားမျိုး ရှိနေတဲ့ အခြေအနေမျိုးမှာ အမေရိကန်ပြည်ထောင်စုရဲ့ ထောက်ခံမှုဟာ အင်မတန်မှ အရေးကြီးတယ်လို့ မြင်ပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ် တေလာဆန် (Rex Tillerson) ကျနော်တို့နိုင်ငံကို လာတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့တယ်။ အဲဒီနောက်ပိုင်းမှာ အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေးဟာ ဒီ့ထက်ပိုပြီးတော့ ကောင်းလာဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ တေလာဆန်ရဲ့ ခရီးစဉ် မတိုင်ခင်အထိက အမေရိကန်နဲ့ ဆက်ဆံရေးက သိပ်မကောင်းဘူးလို့ မြင်ပါတယ်။ နောက်တခု ကြည့်ရမှာက တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ ကျနော်တို့ရဲ့ ဆက်ဆံရေးပါ။ ကျနော်တို့နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ အိမ်နီးချင်းတွေ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့က မဖြစ်မနေ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ ဆက်ဆံရေးကိုလည်း ကောင်းမွန်အောင် တည်ဆောက်ဖို့ လိုအပ်တဲ့ အနေအထားမျိုး ရှိပါတယ်။ အခု တေလာဆန် ပြန်ပြီး သိပ်မကြာဘူး။ တနင်္လာနေ့မှာလုပ်မယ့် အေဆမ် အစည်းအဝေးကို လာတက်ဖို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ လာမယ်။ ဝမ်ယီ လာပြီးရင် တရုတ်နိုင်ငံခြားရေးဝန်ကြီးက အစည်းအဝေးတက်ရင်းနဲ့ တခါတည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရော၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရောနဲ့ သီးခြားတွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်နိုင်တယ်လို့ ကျနော်ကတော့ အဲဒီလို သုံးသပ်ပါတယ်။ ဝမ်ယီရဲ့ ထူးခြားမှုတခုက မြန်မာနိုင်ငံကို မလာခင်မှာ သူဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အရင်သွားမယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေကတဆင့် မြန်မာနိုင်ငံကို လာမယ်ဆိုတော့ ဝမ်ယီရဲ့ ခရီးစဉ်ကလည်း ကျနော်တို့နိုင်ငံမှာ လက်ရှိ ကြုံတွေ့နေရတဲ့ ရခိုင်ပြည်နယ် အကျပ်အတည်းနဲ့ ဆက်စပ်နေတယ်လို့ ပြောလို့ရနိုင်တဲ့ အနေအထားမျိုး ရှိပါတယ်။ အဲဒီလိုပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တေလာဆန်ရဲ့ ခရီးစဉ်ကလည်း ရခိုင်အရေး၊ ရခိုင်အကျပ်အတည်းနဲ့ ဆက်စပ်နေတယ်လို့ ပြောလို့ရပါတယ်။ အဲဒီအခါကျတော့ လက်ရှိအခြေအနေမှာ ကျနော်တို့နိုင်ငံဟာ နိုင်ငံတကာ အသိုင်းအဝိုင်းကြားမှာ အင်မတန်မှ စိန်ခေါ်မှုတွေ၊ အကျပ်အတည်းတွေကြားမှာ ရုန်းကန်လှုပ်ရှားနေရတဲ့ အနေအထားမျိုးလို့ ကျနော်ကတော့ သုံးသပ်ပါတယ်။”
ဦးတိုးဇော်လတ် (ဒီဗွီဘီ)
“ဒေါက်တာရန်မျိုးသိမ်းကတော့ လက်ရှိအခြေအနေမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး လာသလို တရုတ်ပေါ့။ ကမ္ဘာမှာလည်း တကယ့် အင်အားကြီးနိုင်ငံတွေပါ။ သူတို့ရဲ့ အခြေအနေတွေကို မြန်မာပြည်နဲ့ ထည့်သွင်းဆွေးနွေးသွားပါတယ်။ ကျနော် ကိုဝင်းမင်းကိုလည်း မေးပါရစေ။ ကိုဝင်းမင်း ဆိုရင် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး ပညာရှင်တယောက်အနေနဲ့ပေါ့နော်။ အခုလို အမေရိကန်လွှတ်တော်မှာ Targeted Sanction လို ပုံစံမျိုး အရေးယူ ပြန်ပြင်ဆင်နေတာ ရှိတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကတော့ သူ့အနေနဲ့တော့ တစုံလုံး Sanction ကိုတော့ မလုပ်ချင်ဘူး။ ဒါပေမယ့် လွှတ်တော်က ပြင်ဆင်နေတာပေါ့။ တလောကဆိုရင် တပ်မတော်ခေါင်းဆောင်တချို့ အင်္ဂလန်က ပြန်ခေါ်တာတို့၊ အဲဒါတွေက တကယ်ရော အလုပ်ဖြစ်ပါ့မလား။ အဲဒါတွေရဲ့ သက်ရောက်မှုပေါ့နော်။ အနောက်နိုင်ငံရဲ့ Targeted Sanction လို ပုံစံမျိုး ပြန်သွားရင် ဘာတွေများ ဖြစ်လာနိုင်လဲ ဖြည့်စွက်ဆွေးနွေးပေးပါ။”
ဦးဝင်းမင်း (သုတေသီ၊ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး)
“ကျနော့်အမြင်ကတော့ မြန်မာနိုင်ငံရဲ့ တခုလုံး အနေအထားက ပြောင်းသွားပြီပေါ့နော်။ အရင်ကဆိုရင်တော့ စစ်အုပ်ချုပ်ရေးသဘောမျိုး တိုက်ရိုက်ဖြစ်ပြီးတော့ ဖိအားပေးတဲ့ ကိစ္စတွေကို အနောက်နိုင်ငံတွေက ပိုပြီး အားသန်တယ်။ ထိရောက်မှုလည်း တစုံတရာရှိမယ်လို့ သူတို့က မျှော်လင့်ကြတယ်။ အခုအနေအထားမှာတော့ မြန်မာပြည်က အသွင်ကူးပြောင်းရေး ကာလတခုကို သွားတာ ဖြစ်သွားပြီ။ ရွေးချယ်တင်မြှောက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရပ်သားအစိုးရကလည်း ဒီဦးဆောင်မှုနေရာကို ရောက်နေပြီ။ ဒါပေမယ့် တချိန်တုန်းကပဲ တပ်မတော်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံအရပဲ ဖြစ်ဖြစ်၊ မြန်မာပြည်ရဲ့ သမိုင်းကြောင်းအရပဲ ဖြစ်ဖြစ်ပေါ့နော်။ အရေးပါတဲ့ကဏ္ဍမှာ ရှိတော့ ဒီအသွင်ကူးပြောင်းရေးကို အရပ်သားအစိုးရနဲ့ တပ်မတော်သား အင်အားစုတွေရော တွဲပြီးတော့ သွားရတဲ့ကာလ ဖြစ်တဲ့အတွက် နိုင်ငံတကာရဲ့ ဖိအားတိုင်းက သက်ရောက်မှုတွေက အရင်လိုမျိုး အဖြူအမည်း မဟုတ်တော့ဘူ။ အခုဟာက ပိုပြီးတော့ ရှုပ်ရှုပ်ထွေးထွေး ဖြစ်လာနိုင်တယ်။ နိုင်ငံတကာက အရေးယူလိုက်တဲ့အပေါ်မှာ အရပ်သားအစိုးရအနေနဲ့ ဒီစိုးရိမ်ချက်က တမျိုးဖြစ်နိုင်သလို တပ်မတော်ဘက်က စိုးရိမ်ချက်ကလည်း နောက်တမျိုး ဖြစ်လာနိုင်တယ်။ အရပ်သားအစိုးရအနေနဲ့ကတော့ တိုင်းပြည် စီးပွားရေးတခုလုံး သွားထိမှာ စိုးရိမ်တယ်။ တပ်မတော်အပိုင်းကတော့ တပ်မတော်ကိုပဲ သီးသန့် Targeted Sanction ပစ်မှတ်ထားပြီး လုပ်တာမျိုး ဖြစ်လာမှာကို စိုးရိမ်တယ်။ ဒီနေရာမှာ အရပ်သားအစိုးရနဲ့ တပ်မတော်အကြားမှာ တစုံတရာ နားလည်မှု ကွဲလွဲစေတာတွေကို ဖြစ်စေနိုင်တဲ့ သဘောမျိုး သက်ရောက်လာနိုင်တယ်။ အဲဒီအခါမှာ တခုလုံးကို ထိခိုက်နိုင်တဲ့ အနေအထားမျိုး ဖြစ်လာမှာ စိုးရိမ်ရတယ်ပေါ့။ အဲဒီအပေါ်မှာတော့ နိုင်ငံတကာက တိုက်ရိုက်ဖိအားပေးဖို့ ကိစ္စတွေမှာ တပ်မတော်ကို Target ထားတာပဲဖြစ်ဖြစ်၊ အစိုးရတွေ အားလုံးကတော့ သတိထားပြီး လုပ်ကြမှာပါ။ အထူးသဖြင့်တော့ အမေရိကန်အစိုးရအနေနဲ့ သတိထား လုပ်မယ်။ အခု နိုင်ငံတကာဆက်ဆံရေးအရ ဒေါ်အောင်ဆန်းစုကြည် အေးပက် အစည်းအဝေး သွားတာ ကောင်းတယ်။ အာဆီယံ အစည်းအဝေး သွားတာ ကောင်းတယ်။ ဘာလို့လဲဆိုတော့ ဒီအစည်းအဝေးတွေ နောက်ပိုင်းမှာ ကနေဒါဝန်ကြီးချုပ်နဲ့ တွေ့တဲ့အချိန်မှာလည်း ဘာပဲပြောပြော ကနေဒါဘက်က လက်တွေ့ကျတဲ့ မူဝါဒ ဒီမိုကရေစီ ကူးပြောင်းရေး အထောက်အကူပြုဖို့အတွက် ဝေလည်း ဝေဖန်တယ်၊ အကူအညီလည်း ပေးတယ်။ အမေရိကန်လည်း အလားတူပါပဲ။ ဝေလည်း ဝေဖန်တယ်။ အကူအညီလည်း ပေးမယ်။ အဲဒါအပြင် စုံစမ်းစစ်ဆေးရေးကော်မရှင်တခု ဖွဲ့ဖို့တောင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တေလာဆန် အကြံပေးသွားတာ ရှိတယ်။ ဥရောပသမဂ္ဂဘက်မှာတော့ နည်းနည်းပြင်းထန်ပေါ့နော်။ သူတို့ကတော့ ချက်ချင်း လုံခြုံရေးကောင်စီကို တင်သွားတာရှိသလို အင်္ဂလန်ကဆိုရင်လည်း ချက်ချင်း ထုတ်ပစ်လိုက်တာ ရှိတယ်။ အမေရိကန်ဘက်ကဆိုရင်တော့ သင်တန်းပြီးမှ လုပ်တာ ရှိတယ်ပေါ့နော်။ အဲဒီလိုမျိုးတွေ ကွဲတာတော့ တွေ့လာရတယ်ပေါ့။ အရပ်သားအစိုးရ တခုလုံး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး တခုလုံးကို နိုင်ငံတကာက လုပ်လာတာ ဖြစ်တဲ့အတွက် လတ်တလောတော့ ပြင်းပြင်းထန်ထန် တပ်မတော်ပေါ်မှာ အရေးယူတဲ့ကိစ္စတွေ ဖြစ်လာဖို့ အလားအလာက နည်းတယ်။ ဒါပေမယ့် တေလာဆန် ပြောသလိုပဲ အပြစ်ရှိကြောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်တွေက ခိုင်လုံတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်က တွေ့ရှိလာရင်တော့ အရေးယူနိုင်တဲ့ အနေအထားမျိုး ပြောသွားတာ ဖြစ်တယ်။ အဲဒါတော့ နည်းနည်းလေး အမေရိကန်က အချိန်ယူဦးမယ် ထင်တယ်။ အမေရိကန်နိုင်ငံအပေါ် မြန်မာနိုင်ငံက အခုလိုမျိုး ထိတွေ့ဆက်ဆံလိုက်တဲ့အပေါ်မှာ ဆက်ဆံရေး တစုံတရာတော့ မြန်မာပြည်အတွက် ပြန်ပြီးကောင်းဖို့ အလားအလာရှိတယ်လို့ ပြောလို့ရတယ်။ ရေရှည်အတွက်ဆိုရင်တော့ စုံစမ်းစစ်ဆေးရေးကော်မရှင်တွေ နိုင်ငံတကာက လက်ခံနိုင်တဲ့ အနေအထားမျိုးပေါ့။ ဥပမာ ကုလသမဂ္ဂ Facts Finding Mission က လာချင်တယ်။ မြန်မာပြည်က လက်မခံဘူး။ ကိုယ့်ဘာသာ ကော်မရှင်ဖွဲ့တယ်။ ဒါပေမယ့် ကိုဖီအာနန် ကော်မရှင်ကို လက်ခံမယ် ပြောတယ်။ တကယ်တမ်းမှာက အခုအခြေအနေမှာက အဲဒီအဆင့်ထက် ကျော်ပြီးတော့ အားလုံးထက်ကောင်းတဲ့ တပ်မတော် စုံစမ်းရေးတခုတည်း မဟုတ်ဘူး။ အရပ်သား စုံစမ်းရေး တဖွဲ့တည်း မဟုတ်ဘူး။ တပ်မတော်ရော၊ အရပ်သားရော နိုင်ငံတကာရော ပေါင်းပြီးတော့ အားလုံးက လက်ခံနိုင်တဲ့ လေးစားလောက်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့ပြီး လုပ်ဖို့ လိုနေတယ်လို့ ကျနော် ထင်တယ်။”
အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။
ဒီတပတ်ဆွေးနွေးမယ့် အကြောင်းအရာကတော့ နိုင်ငံတကာ နိုင်ငံရေးဇာတ်ခုံပေါ်မှာ မြန်မာပြည်ရဲ့ အခြေအနေ၊ ဒေါ်အောင်ဆန်းစုကြည် မကြာခင်က အေးပက်နိုင်ငံတွေကို သွားခဲ့တယ်။ နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ခဲ့တယ်။ အဲဒီလိုပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်ကို လာခဲ့တယ်။ အခု အာဆီယံ၊ ဥရောပနိုင်ငံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ်။ အဲဒီအပေါ်မှာ မြန်မာပြည်နဲ့ပတ်သက်လို့ နိုင်ငံတကာ ဆက်ဆံရေးရယ်၊ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးရယ် ဘာတွေဖြစ်လာနိုင်မလဲဆိုတာ ဆွေးနွေးမှာဖြစ်ပါတယ်။ ဒီတပတ်ဆွေးနွေးမယ့်သူတွေကတော့ နိုင်ငံရေးဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်းနဲ့ စစ်ဘက်-အရပ်ဘက်ဆက်ဆံရေး သုတေသီ ဦးဝင်းမင်းတို့ ဖြစ်ပါတယ်။