Home
မြန်မာသတင်း
စပ်လဲရေတံခွန်တွင် လူငယ်နှစ်ဦး ရေနစ်သေဆုံး
DVB
·
November 12, 2017
cri
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်မှာ စပ်လဲရေတံခွန်ကို လာရောက်လည်ပတ်တဲ့ လူငယ် ၂ ဦး နိုဝင်ဘာ ၁၁ ရက်နေ့ မွန်းလွဲပိုင်းက ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ကျောက်ကြီးမြို့မရဲတပ်ဖွဲစခန်းက ပြောပါတယ်။ ကျောက်ကြီးမြို့နယ်၊ စပ်လဲကျေးရွာအနီးရှိ စပ်လဲရေတံခွန်ကို ထန်းတပင်မြို့နယ်မှ သူငယ်ချင်းတွေနဲ့ လာရောက်လည်ပတ်ကြတဲ့ အောင်ဇင်ဖြိုးနဲ့ ကောင်းထိုက်စံ တို့ နှစ်ဦး ရေနစ်သေဆုံးခဲ့တာလို့ ဆိုပါတယ်။ ရေတံခွန်ရှိ ကျောက်တုံးတွေပေး ကောင်းထိုက်စံ တက်ရောက်စဉ် ခြေချော်ပြီး ရေထဲ ပြုတ်ကျသွားလို့ သူငယ်ချင်းဖြစ်သူ အောင်ဇင်ဖြိုးက ဆင်းကယ်ခဲ့ရာမှ ရေမကူးတတ်တာကြောင့် နှစ်ဦးလုံး ရေနစ်သေဆုံးခဲ့တာလို့ ကျောက်ကြီးမြို့မရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။ "ကျနော်တို့ သေမှုသေခင်း ဖွင့်ထားပါတယ်။ သူတိုက ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးကနေလာကြတာ။ သူတို့သူငယ်ချင်းတွေနဲ့ လာတယ်ကားနဲ့စုဖွဲပြီးတော့။ ဒီကို ဆယ်နာရီကျော်ကျော်လောက်ရောက်တယ်။ ရောက်တော့တချို့က ရေထဲဆင်း၊ တချို့ကကျောက်ဆောင်တွေပေါ်မှာ လျှောက်သွားရင်းနဲ့ တစ်ယောက်က ရေထဲပြုတ်ကျတာ၊ ပြုတ်ကျတာက ကောင်းထိုက်စံဆိုတဲ့သူ။ သူပြုတ်ကျတော့ သူငယ်ချင်းဖြစ်တဲ့ အောင်ဇင်ဖြိုးက ဆင်းကယ်ရင်းနဲ့ နှစ်ယောက်စလုံး ရေမကူးတတ်တဲ့အတွက် ရေနစ်ပြီးတော့ သေတာပါ။” ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် သိရှိနိုင်ဖို့ ကျောက်ကြီးမြို့ မြို့မရဲတပ်ဖွဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၇/ ၂၀၁၇ အရ အမှုဖွင့်ထားပြီး သေဆုံးသူတွေကို ကျောက်ကြီးမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ကာ စစ်ဆေးမှုတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ အဆိုပါရေတံခွန်ဟာ လူသိများလာပြီး လာရောက်လည်ပတ်သူများလာတာ လေးနှစ်လောက်ရှိပြီလို့ သိရပါတယ်။ သတင်း ကျော်အောင် (ကညွတ်ကွင်း )

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013