ရေး-မော်လမြိုင်သွားကားတွင် မူးယစ်ဆေးဝါး ကျပ်သိန်း ၆၀၀ ကျော်ဖိုး ဖမ်းမိ
DVB
·
November 9, 2017
မွန်ပြည်နယ်၊ ရေးမြို့နယ် ရေး-မော်လမြိုင် ကားလမ်း မော့ကနင်ရွာသစ်ကျေးရွာလမ်းမှာ နိုဝင်ဘာ ၈ ရက် မွန်းလွဲပိုင်းက မူးယစ်ဆေးဝါး သိန်း ၆၀၀ ကျော်ဖိုး ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
လမိုင်းနယ်မြေရဲစခန်းက ယာဉ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေးတာဝန်ခံ ရဲတပ်ကြပ် အောင်နိုင်ပါ ရဲတပ်ဖွဲ့ဝင် ၅ ဦးအဖွဲ့ဝင်နဲ့ ရပ်မိရပ်ဖ ဦးကြည်နောင် ဦးခင်မောင်တို့ ယာဉ်စည်းကမ်းစစ်ဆေးနေချိန် မော်လမြိုင်ကနေ ရေးဘက်ကို ချစ်ဝေစိုး မောင်းနှင်ပြီး နောက်ခုံက မမြင့် စီးနင်းလာတဲ့ ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာ WY စာတန်းပါ စိတ်ကြွဆေးပြား ၁၁၆၀၀ အလေးချိန် ၁၁၆၀ ဂရမ် ကာလတန်ဖိုး သိန်း ၅၈၀ နဲ့ ICE မူးယစ်ဆေးဝါး တထုပ်လျှင် ၂၀ ဒသမ ၁၇၆ ဂရမ် ကာလတန်ဖိုး ၄၀၃၅၂၀၀ တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးပြားတွေနဲ့ ပက်သက်ပြီး မမြင့်ကို စစ်ဆေးရာ လွန်ခဲ့တဲ့ ၂ ရက်လောက်က လူမြင်ရင်မှတ်မိ ကရင်အမျိုးသားတဦးက မမြင့်ကို ငွေကျပ် ၁ သိန်းပေးပြီး ရေးမြို့ ကိုရင်လေးဘုရားလမ်းဝကို ပို့ဆောင်စေခဲ့ကြောင်း ရဲအရာရှိတဦးက ပြောပါတယ်။
လမိုင်းနယ်မြေရဲစခန်းက မမြင့် နဲ့ ချစ်ဝေစိုး တို့ကို မူး/စိတ်ပြောင်း ဥပဒေပုဒ်မ- ၁၅/၁၉(က)/၂၁ နဲ့ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်တရားခံတွေကိုလည်း စုံစမ်းဖော်ထုတ် သွားမယ်လို့ သိရပါတယ်။
နေမျိုးထွဋ်(ရေး)