မောင်တောတွင် အကြမ်းဖက်သမားများ ပြုလုပ်ထားသည့် လိုဏ်ဂူများ တွေ့ရှိ (ဓာတ်ပုံ)
DVB
·
November 7, 2017
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားတွေ ပြုလုပ်ထားတဲ့ လိုဏ်ဂူတွေနဲ့ စားနပ်ရိက္ခာတွေ ရှာဖွေတွေ့ရှိတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၅ ရက်နေ့က မောင်တောမြို့နယ်၊ ကျောက်ပန္တုကျေးရွာအလယ်ရှိ တောင်ကုန်းငယ်မှာ အလျား ၁၅ ပေ၊ အနံ ၁၀ ပေ၊ အမြင့် ၅ ပေရှိ သစ်လုံးတွေမိုးထားပြီး ပျဉ်ခင်းထားတဲ့ လူလုပ်လိုဏ်ဂူတခုနဲ့ အကြမ်းဖက်သမားတွေ သိုဝှက်ထားတဲ့ ရေစိုပျက်စီးနေတဲ့ ဆန်အိတ် ၁၃ အိတ်၊ ရေပုံးအမည်း ၁ ပုံးတို့ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ဒါ့အပြင် သင်္ဘောကွေ့ကျေးရွာ အရှေ့ဘက်တောင်ကုန်းမှာ အမြင့် ၄ ပေ၊ အနံ ၃ ပေရှိတဲ့ ကျောက်သားကို ထွင်းထားတဲ့ လိုဏ်ဂူတခုကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ တပ်မတော်သတင်းမှာ ဖော်ပြပါတယ်။
လိုဏ်ဂူဟာ အပေါက်ဝကနေ ပေ ၂၀ လောက် ဝင်ရောက်သွားပါက လမ်းခွဲ ၂ ခုရှိပြီး ယာဘက်လမ်းခွဲ အရှည် ၃၅ပေ ခန့်ရှိသလို ဘေးဝဲယာနံရံတွေမှာ ၂ ပေခန့်ရှိတဲ့ လူနေထိုင် အိပ်စက်နိုင်တဲ့ နေရာတွေနဲ့ အဆုံးမှာ ၅ ပေပတ်လည် အကျယ်ရှိတဲ့ မြေလွတ်တခုတို့ကို ပြုလုပ်ထားတယ်၊
ဝဲဘက်လမ်းခွဲဟာ ပေ ၄၀ ခန့်ရှည်လျားပြီး ဘေးဝဲယာနံရံတွေမှာ ၂ ပေခန့်ရှိတဲ့ လူနေထိုင် အိပ်စက်ဖို့ နေရာတွေနဲ့ လမ်းအဆုံးမှာ ထွက်ပေါက်တခု ပြုလုပ်ထားတယ်၊
အဲဒီလိုဏ်ဂူဟာ အရင်က အကြမ်းဖက်သမား အင်အား ၂၀ ဦးကနေ ၂၅ ဦးခန့် နေထိုင်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပြီး လိုဏ်အတွင်းကနေ ဆန်အိတ်ပိုင်း ၅ ပိုင်း၊ ဆီပုံးခွံ ၁ ခု၊ သင်္ဘောကွေ့ကျေးရွာနေ မာမတ်တူဆောင်း (ဘ) မိုဟာမတ်ကာလာမျာနဲ့ ကျောက်ပန္တုကျေးရွာနေ အဒူဟာလိပ် (ဘ) အာဘူဟာရှိန်းတို့ရဲ့ အမည်တွေပါရှိတဲ့ ကျောင်းသားကတ် ၂ ခု၊ ကိုရမ်ကျမ်းစာအုပ် ၃ အုပ်၊ ဟောင်းနွမ်းနေတဲ့ အင်္ကျီ ၃ ထည်တို့ကိုလည်း ရှာဖွေတွေ့ရှိတယ်လို့ တပ်မတော်သတင်းမှာ ဖော်ပြပါတယ်။
အလားတူ နိုဝင်ဘာ ၆ ရက်မှာလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အဲဒီ ကျေးရွာ ၂ ရွာမှာ ရှာဖွေရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်ခဲ့ရာ ကျောက်ပန္တုကျေးရွာ အရှေ့မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာမှာ အကျယ် ၃ ပေ၊ အမြင့် ၅ ပေခွဲ၊ အရှည် ပေ ၁၃၀ ခန့်ရှိ ကျောက်လိုဏ်ဂူ (ဒေသအခေါ် ကာဆင်းဂူ) တခုကို ထပ်မံရှာဖွေတွေ့ရှိခဲ့ပါတယ်။
လိုဏ်ဂူတွေ တွေ့ရှိခဲ့တဲ့ ကျေးရွာတွေနဲ့ အနီးတဝိုက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အသေးစိတ် စစ်ဆေးရှာဖွေနေတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး