ဧရာဝတီတိုင်းဒေသကြီးတွင် မဏ္ဍိုင် ၄ ရပ် တွေ့ဆုံဆွေးနွေး
သော်ဇင်မျိုး
·
October 14, 2017
ဧရာဝတီတိုင်းဒေသကြီးမှာ မဏ္ဍိုင် (၄) ရပ် တွေ့ဆုံဆွေးနွေးပွဲကို ဒီကနေ့နက် ၉ နာရီခွဲကစတင်ပြီး ပုသိမ်မြို့ မြို့တော်ခန်းမမှာ ကျင်းပပါတယ်။
ဆွေးနွေးပွဲကို အုပ်ချုပ်ရေးမဏ္ဍိုင်က တိုင်းဒေသကြီးဝန်ကြီးတွေ၊ ဌာနဆိုင်ရာ တိုင်းအဆင့် ခရိုင်အဆင်အရာရှိတွေ၊ ဥပဒေပြုရေးမဏ္ဍိုင်အနေနဲ့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တရားစီရင်ရေးကဏ္ဍက တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ ဥပဒေချုပ် အပါအဝင် တရားသူကြီးတွေ ဥပဒေအရာရှိတွေ တက်ရောက်နေပြီး သတင်းမီဒီယာတွေနဲ့ပတ်သက်လို့ ဆွေးနွေးတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေနဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးမှာ မဏ္ဍိုင်လေးရပ် တွေ့ဆုံပွဲတွေ ဦးဆောင်ကျင်းပနေပါတယ်။
သတင်းမီဒီယာတွေနဲ့ မဏ္ဍိုင်ကြီးသုံးရပ်အကြားမှာ ဆက်သွယ်ဆောင်ရွက်မှုတွေ အဆင်ပြေစေဖို့ ဒီပွဲတွေကနေ ညှိနှိုင်းဆောင်ရွက်ကာ အချက်အလက်တွေကောက်ယူပြီး ဗဟိုအဆင့်အနေနဲ့ မူဝါဒတွေချမှတ်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
သတင်းနှင့်ဓာတ်ပုံ - သော်ဇင်မျိုး