အင်းတော်မြို့နယ်တွင် တရားမဝင်သစ်စက်နှင့် ကျွန်းသစ်လုံး ၅၇ လုံးဖမ်းမိ
DVB
·
October 1, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်မန်ဖာကျေးရွာအနီးမှာ စက်တင်ဘာ ၂၉ ရက် ညနေ ၄ နာရီခွဲက တရားမဝင်သစ်စက် ၂ လုံးနဲ့အတူ ကျွန်းသစ် ၅၇ လုံးကို ဖမ်းဆီးရမိခဲ့တယ်လို့ အင်းတော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်ကိုထွေးက ပြောပါတယ်။
အင်းတော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြတ်ကိုထွေး၊ တောအုပ်ဦးအောင်လှိုင်ဝင်း၊ တောခေါင်း ဦးငြိမ်းသူရအောင်၊ မန်လည်ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ တရားမဝင်သစ်စက်လည်ပတ်နေကြောင်း သတင်းအရ မန်ဖာကျေးရွာ အနောက်ဘက် ၄ မိုင်ခန့်အကွာ သစ်လွင်ကြိုးဝိုင်းအတွင်း ဝင်ရောက်ဖမ်းဆီးရာ သစ်ခွဲရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းနဲ့အတူ သစ်ခွဲစက် ၂ လုံး၊ ကျွန်းသစ် ၅၇ လုံး ၁၈ ဒသမ ၂၂၂ တန်၊ ကာလတန်ဖိုး ၁၄၅၇၇၆၀ ကျပ်တို့ကို ပိုင်ရှင်မဲ့ တွေ့ရှိ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ တရားမဝင်သစ်စက်နဲ့ ကျွန်းသစ်လုံးတွေကို အင်းတော်မြို့နယ်သစ်တောဦးစီးက လုံခြုံတဲ့နေရာကို သယ်ယူဖို့ စီစဉ်နေပြီး သစ်စက်ပိုင်ရှင်ကို စုံစမ်းဖော်ထုတ်နေတယ်လို့ အင်းတော်မြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးခင်မောင်စိန်က ပြောပါတယ်။