အင်းတော်မြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲသူ ၅ ဦး ဖမ်းမိ
DVB
·
July 13, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ကျွဲကူးရွာအနီး လယ်တဲတခုမှာ မူးယစ်ဆေးဝါး ကျပ်သိန်း ၃၀ ကျော်ဖိုးကို ဇူလိုင်၁၂ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ အင်းတော်မြို့မ ရဲစခန်းမှူး ဒုရဲမှူး သက်တင်ဦးက ပြောပါတယ်။
ဇူလိုင် ၁၂ ရက်နေ့ မနက် ၁ နာရီခွဲအချိန်က အင်းတော်မြို့မရဲစခန်းမှာ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် အောင်အောင်ဟာ သက်သေတွေနဲ့အတူ အင်းတော်မြို့နယ် ကျွဲကူးရွာ အရှေ့ဘက် လယ်ကွင်းပြင် တောစပ်ရှိ လူမနေတဲ့ လယ်တဲမှာ မူးယစ်ဆေးဝါးတွေ ဝိုင်းဖွဲ့သုံးစွဲ ရောင်းချနေတယ်ဆိုတဲ့ သတင်းအရ ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ပါတယ်။
လယ်တဲပေါ်မှာ နိုင်မင်းထွန်း(ခ)ငတုတ်၊ မျိုးမင်းထွန်း(ခ)တာချိန်၊ စိုးမင်းအောင်၊ လှမျိုးဦး(ခ)လှမျိုးဝင်း၊ ရွှေအောင်(ခ)မြင့်ထွန်း၊ ဦးကျော်(ခ)ကျော်နိုင်ဝင်း၊ တင်အောင်ထွန်း၊ ဝင်းကျော်ထွန်း၊ မျိုးလွင်တို့ ၉ ဦးကို ဝိုင်းဖွဲ့ထိုင်ပြီး မူယစ်ဆေးဝါး သုံးစွဲနေတာကို တွေ့ရှိရပြီး ဝင်ရောက်ဖမ်းဆီးရာ ဦးကျော်(ခ)ကျော်နိုင်ဝင်း၊ တင်အောင်ထွန်း၊ ဝင်းကျော်ထွန်း၊ မျိုးလွင်တို့ ၄ ဦးဟာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ ကျန် ၅ ဦးကိုတော့ ဖမ်းဆီးရမိခဲ့တယ်လို့ အင်းတော် မြို့မရဲစခန်းမှူး ဒုရဲမှူး သက်တင်ဦးက ပြောပါတယ်။
သူတို့ ၉ ဦး ဝိုင်းဖွဲ့ထိုင်နေတဲ့ ဝိုင်းထဲက ဘိန်းဖြူ အလေးချိန် ၃၀ ဒသမ ၇၁ ဂရမ်၊ ကာလတန်ဖိုး ကျပ်သိန်း ၃,၀၇၁,၀၀၀၊ WY စာတန်းပါ စိတ်ကြွဆေးပြား ၁၂၀ ပြား ကာလတန်ဖိုး ကျပ်သိန်း ၆၀၀,၀၀၀ နဲ့အတူ မူးယစ်ဆေးဝါး သုံးစွဲရာမှာ အသုံးပြုတဲ့ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့ပြီး နိုင်မင်းထွန်း(ခ)ငတုတ်၊ မျိုးမင်းထွန်း(ခ)တာချိန်၊ စိုးမင်းအောင်၊ လှမျိုးဦး(ခ)လှမျိုးဝင်း၊ ရွှေအောင်(ခ)မြင့်ထွန်း တို့ ၅ ဦးကို အင်းတော်မြို့မရဲစခန်းမှ မယ(ပ) ၅၉/၂၀၁၇ မူးစိတ်၁၅/၁၉(က)/ ၂၀(က)/၂၁ အရ အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - ကိုကိုလင်း(အင်းတော်)