ဘီးလင်းတွင် ယာဉ်တစီးတိမ်းမှောက်၊ ၁ ဦးသေ
DVB
·
October 1, 2017
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာ၊ ကောင်းကြိုက်စားသောက်ဆိုင်အနီးမှာ စက်တင်ဘာ ၃၀ ရက် မနက်က ရောဂါဝေဒနာရှင် ၁ ဦး တင်လာတဲ့ကားတစီး လမ်းဘေးထိုးကျလို့ ယာဉ်ပေါ်ပါဝေဒနာရှင် သေဆုံးခဲ့ပြီး ၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဘီးလင်းမြို့မရဲစခန်းက ပြောပါတယ်။
ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းအတိုင်း သထုံကနေ ဘီးလင်းကို ယာဉ်မောင်း လှထွေးနိုင်(ခ)ဖိုးကြူး မောင်းနှင်ပြီး မျိုးထွန်း ယာဉ်နောက်လိုက်အဖြစ် လိုက်ပါလာတဲ့ ကားဟာ မိုင်တိုင်အမှတ် ၁၃၁/၄နှင့်၁၃၁/၅ ကြားအရောက် လမ်းဘေးကိုထိုးကျခဲ့တာဖြစ်ပါတယ်။
ယာဉ်ပေါ်ပါခရီး ၁၂ ဦးအနက် ရောဂါဝေဒနာရှင် ဒေါ်စန်းစန်းမူ ၄၆ နှစ်ဟာ ဘီးလင်းမြို့ဆေးရုံ ပို့ဆောင်စဉ်သေဆုံးသွားခဲ့ပြီး အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၅ ဦးတို့မှာ (မစိုးရိမ်ရ) ဒဏ်ရာတွေ အသီးသီးရရှိခဲ့တာ ဖြစ်ပါတယ်။
“ကားကဘားအံဘက်ကနေဆေးကုပြီး ရန်ကုန်ပြန်ကြတာပါ။ ကားပေါ်ပါလာတဲ့ အမျိုးသမီးတဦးကတော့ ဆုံးသွားပါတယ်။ အမျိုးသား ၂ ယောက်နဲ့အမျိုးသမီး ၅ ယောက်က ဒဏ်ရာတွေရထားပါတယ်။ ယာဉ်မောင်းကတော့ ထွက်ပြေးတာပေါ့။ ဥပဒေအရ ဆက်လက်လုပ်ဆောင်သွားမှာပါ” လို့ ဘီးလင်းမြို့မရဲစခန်းက တာဝန်ရှိသူတဦးက ပြောပါတယ်။
ဘီးလင်းမြို့မရဲစခန်းက ယာဉ်မဆင်မခြင် မောင်းနှင်ပြီး သေဆုံးဒဏ်ရာရအောင် ပြုလုပ်သူ လှထွေးနိုင်(ခ)ဖိုးကြူးကို ရာဇသတ်ကြီးပုဒ်မ-၃၀၄-က/၃၃၇ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း-ယူမင်းစိုး