မိုင်းတုံတွင် တရားမ၀င်သစ်တင်လာသည့် ကားတစီး တိမ်းမှောက်၊ ၁ ဦးသေ
DVB
·
January 6, 2018
မိုင်းတုံမြို့နယ် မိုင်းတုံ/တာဆန်းသွားကားလမ်း ကီလိုမီတာ (၂၃၁/၂၃၂) အကြားမှာ ဇန်နဝါရီ ၅ ရက် နေ့လယ်ပိုင်းက မိုင်းတုံဘက်ကို ယာဉ်မောင်းစိုင်းပေါင်ဝမ်း(ဘ)ဦးစိုင်းဇော်ဦး မောင်းနှင်ပြီး ယာဉ်နောက်လိုက် ယားပါ(ခ)ဖိုးဇော်လိုက်ပါလာတဲ့ ဒိုင်နာယာဉ်တစီး ချောက်ထဲ ထိုးကျပြီး ယာဉ်နောက်လိုက် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
“သတင်းရရချင်း နယ်ထိန်းအဖွဲ့နဲ့အတူ အခင်းဖြစ်နေရာကိုသွားခဲ့တယ်။ ဒိုင်နာယာဉ်ကဘရိတ်ပေါက်ပြီး ထိုးကျသွားခဲ့တာကြောင့် ယာဉ်မောင်းဘေးခုံမှာ လိုက်ပါလာတဲ့ ယာဉ်နောက်လိုက်က နဖူးပွန်းပဲ့ဒဏ်ရာ၊ မျက်ခုံးနှစ်ဘက်ကြားညိုမဲ၊ ဘယ်ဘက်မျက်လုံး အောက်ညိုမဲ၊ ဘယ်ဖက်တင်ပါးဆုံ အထက် ၄ လက်မလောက် ပြတ်ရှဒဏ်ရာ ၂ ချက်ရပြီး နေရာမှာတင်သေဆုံးခဲ့တယ်။ ယာဉ်မောင်းကတော့ ဘယ်ဘက်ပခုံးပွန်းပဲ့ဒဏ်ရာ တစ်ချက်ပဲ ရခဲ့တယ်။ သစ်တင်လာတဲ့ ကားဖြစ်ပါတယ်” လို့ မိုင်းတုံမြို့မရဲစခန်း စခန်းမှူး ဒုရဲမှူးသန်းလွင်က ပြောပါတယ်။
အဆိုပါယာဉ်အနီး တရားမဝင်တင်ဆောင်လာတဲ့ ပိတောက်သစ်ခွဲသားဆိုဒ်စုံ ၂၅ တုံး ၂ ဒသမ ၃၀၂၈ တန်လောက် ပြန့်ကျဲနေပြီး အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲထိုးကျခဲ့တာဖြစ်ပါတယ်။
မိုင်းတုံမြို့မရဲစခန်းက စိုင်းပေါင်ဝမ်းကို ယာဉ်မဆင်မခြင်မောင်းနှင်မှု၊ ပြင်းထန်ဒဏ်ရာရရှိမှု၊ လူသေမှု ရာဇသတ်ကြီးပုဒ်မ-၂၇၉/၃၇၇/၃၀၄ တို့နဲ့ အမှုဖွင့် အရေးယူထား တယ်လို့ သိရပါတယ်။
အောင်ဇေယျ(မိုင်းတုံ)