မိုးညှင်းတွင် မူးယစ်ဆေးဝါး ကျပ်သိန်း ၃၅၀ ကျော်ဖိုး ဖမ်းမိ
DVB
·
September 28, 2017
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် မိုင်းနောင်ကျေးရွာမှာ စက်တင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းမှာ အမျိုးသားတဦးဆီက ကျပ် ၃၅၄ သိန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မိုးညှင်းရဲစခန်းက ပြောပါတယ်။
ဖမ်းဆီးရမိပုံမှာ မိုးညှင်းမူးယစ်တပ်ဖွဲ့စု ၃ မှ ရဲအုပ်မျိုးမင်းထွန်းနဲ့အဖွဲ့ လုံးတုံရဲစခန်းက ရဲအုပ်ဗျတ်ဆန်းနဲ့အဖွဲ့ မိုင်းနောင်ကျေးရွာ ရာအိမ်မှူး ဟိုပင်ပြည်သူ့စစ်တို့ပူးပေါင်းအဖွဲ့ဟာ မူးယစ်သတင်းအရ မိုင်းနောင်ကျေးရွာ ဗိုလ်တဲစုရပ်ကွက်နေ မင်းနိုင်ရဲ့ နေအိမ်ကို ၀င်ရောက်ရှာဖွေရာ ရောင်စုံဆပ်ပြာခွက် ၁ ခွက်လျှင် ဘိန်းဖြူ ၁၂ ဂရမ် စီပါ ၃၃ ခွက်၊ ကာလတန်ဖိုး ၂၃၇ သိန်း ၆ သောင်းနဲ့ 88/1စာတမ်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ် ဆေးပြား ၃၉၀၀ ပြား၊ ကာလတန်ဖိုး ၁၁၇ သိန်း နှစ်မျိုးပေါင်း ၃၅၄ သိန်း ၆ သောင်းဖိုး သိမ်းဆည်းရမိခဲ့တာပါ။
“၂၀၁၇ မှာတော့ လုံးတုံစခန်းမှာ ဒါအများဆုံးဖမ်းမိတာပါ။ အဓိကကတော့ ပြည်သူတွေ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ ပြည်သူ့စစ်နဲ့ မီးသတ်ရဲဘော်တွေပါ ပူးပေါင်းပါဝင်ကြမယ်ဆိုရင် မှုးယစ်တွေ မိကိုမိနိုင်တယ်။ ပညာပေးလုပ်တာကတဖက် ဖမ်းဆီးရေးလုပ်မှာ ကတဖက်ဆို မူးယစ်တွေ ပပျောက်နိုင်မယ်” လို့ လုံးတုံရဲစခန်းမှ ရဲအုပ်ဗျတ်ဆန်းက ပြောပါတယ်။
လုံးတုံရဲစခန်းက မူးယစ်ဆေးဝါး လက်ဝယ်ထားရှိသူ မင်းနိုင်ကို မူး/စိတ်ပုဒ်မ-၁၅/၁၉(က) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း-မုန်းမုန်းမင်း