ကြက်အူချောင်း စားမိရာမှ မူကြို ကလေး ၂ ဦး အစာဆိပ်သင့်
DVB
·
September 17, 2017
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ပဲခင်းကျော်အုပ်စု တမာကုန်ကျေးရွာမှာ စက်တင်ဘာ ၁၆ ရက်က မူကြိုကျောင်းနေ ကျောင်းသူ ၂ ဦး မုန့်ဆိုင်က ကြက်အူချောင်း ဝယ်စားမိရာမှ အစာဆိပ်သင့်တယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ တမာကုန်းရွာက ဦးနေမိန္ဒ တည်ထောင်ဖွင့်လှစ်တဲ့ သိမ်ကျောင်းတိုက်မှာ ဖွင့်လှစ်ထားတဲ့ မူကြိုကျောင်းနေတဲ့ အသက် ၃ နှစ်ခွဲအရွယ် မသုန်သုန်ထက်နဲ့ မဝတီမိုး တို့နှစ်ဦး ကြက်အူချောင်း ဝယ်စားမိရာက အော့အန်မူးမေ့သွားလို့ ကျေးလက်ကျန်းမာရေးဆရာမဆီ သွားပြရာမှာ အစာဆိပ်သင့်တာ၊ ဆေးရုံတင်ရမယ် ပြောတာကြောင့် မိတ္ထီလာကလေးဆေးရုံကို စိတ္တဝိသုဒ္ဓိ ပရဟိတကားနဲ့ ပို့ပေးရတယ်လို့ တမာကုန်းရွာ အုပ်လျုပ်ရေးမှူးက ပြောပါတယ်။
မဝတီမိုးရဲ့ ဖခင်ဦးစော်ဘွားက "ရွာအုပ်ချုပ်ရေးနဲ့ ကျန်းမာရေးဌာနက တရုတ်မုန့်တွေ မစားရဘူး အသိပေးထားတယ်။ ကလေးတွေက မသိအောင် ဝယ်စားကြတယ်။ သုန်သုန်ထက် ကလေးဆို အန်လွန်းလို့ မေ့မျောသတိလစ်သွားတယ်၊ အတော်စိုးရိမ်မိတာပေါ့။ အခုတော့ နှစ်ယောက်လုံး သက်သာပါတယ်" လို့ ပြောပါတယ်။
ကလေးတွေ အစာဆိပ်သင့်လို့ ဈေးဆိုင်တွေကို ကျန်းမာရေးဆရာမနဲ့ ရွာအုပ်ချုပ်ရေးအဖွဲ့က သက်သေတွေ ခေါ်ပြီး တရုတ်လုပ်မုန့် ကြက်အူချောင်းတွေကို လိုက်လံရှာဖွေပေမယ့် ဈေးဆိုင်တွေမှာ မတွေ့ရတော့ဘူးလို့ သိရပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)