ဓာတ်မြေသြဇာ အိတ်ခွံဖြင့် ထည့်ထားသည့် ဆန်ချက်စားမိ၍ လူ ၆ ဦး အစာဆိပ်သင့်
DVB
·
August 2, 2017
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် အမှတ်-၁ ရပ်ကွက်မှာ သြဂုတ် ၁ ရက်၊ နေ့လယ် ၂ နာရီက ရွှေဝါနှံတံဆိပ်ပါ ကျောက်မှုန့်ဓာတ် မြေသြဇာအိတ်အခွံထဲ ထည့်ထားတဲ့ဆန်ကို ချက်စားမိလို့ မိသားစု ၆ ဦး အစာအ ဆိပ်သင့်တယ်လို့ ဝမ်းတွင်းဆေးရုံက ပြောပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်လို့ အမှတ်-၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခိုင်ကိုလတ်က “တောင်သူလယ်ယာသုံး မြေဆွေး၊ ကျောက်မှုန့်၊ ပိုးသတ်ဆေး ရောထားတဲ့ ဓာတ်မြေသြဇာအိတ် အခွံနဲ့ ဆန်ဝယ်ပြီး ထည့်တယ်။ အဒီထဲကဆန်ကို ချက်စားမိလို့ အရင်နေ့ကတည်းက ၅ တန်းကျောင်းသား သန်းလင်းအောင်၊ သူငယ်တန်းကျောင်းသူ ဧပရယ်မိုး၊ ၂ နှစ်သမီး ဝဿန်မိုး တို့ မူးပြီး အော့အန်လို့ ဆေးရုံပို့ရတယ်။ အကြီး ၂ ယောက်ကသက်သာတယ်။ ၂ နှစ်သမီးကတော့ မိတ္ထီလာဆေးရုံ ပြောင်းတက်ရတယ်။ ဒီနေ့တော့ ဦးလှငွေနဲ့ ဒေါ်ပြုံး ကိုမင်းသိန်းတို့ ထပ်ဖြစ်တယ်။ ဦးလှငွေ နဲ့ ကိုမင်းသိန်းတို့က သက်သာပြီ ဒေါ်ပြုံးကတော့ ဝမ်းတွင်းဆေးရုံမှာ ဆေးဆက်ကုနေတယ်” လို့ ပြောပါတယ်။
မြို့နယ်ဆရာဝန်ကြီးက “ကျန်မာရေးဝန် ထမ်းတွေနဲ့ အကူအညီပေးနေပါတယ်။ အစာတွေ ဓာတ်ခွဲခန်း ပို့ဖို့ ယူထားတယ်” လို့ ပြောပါတယ်။
လွန်ခဲ့တဲ့ နှစ်လလောက်ကလည်း အမှတ်-၁ ရပ် ကွက်ထဲမှာပဲ မိသားစု ၆ ဦး အစာအဆိပ်သင့်မှု ဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)