ဒေါ်အောင်ဆန်းစုကြည်နှင့် RCSS/SSA ရှမ်းလက်နက်ကိုင်အဖွဲ့ ငြိမ်းချမ်းရေးကိစ္စဆွေးနွေး
DVB
·
September 11, 2017
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ယွက်စစ်ခေါင်းဆောင်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) ကိုယ်စားလှယ်အဖွဲ့တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ဒီကနေ့ နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနမှာ တွေ့ဆုံဆွေးနွေးပါတယ်။
ဒီဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များ၊ ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် အထွေထွေ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။
ဒီတွေ့ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးကျော်တင့်ဆွေ၊ ဒေါက်တာ ဝင်းမြတ်အေး၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ ငြိမ်းချမ်းရေးကော်မရှင်မှ ဒုဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အတွင်းရေးမှူး ဦးခင်ဇော်ဦးစသူတွေ တက်ရောက်ခဲ့ကြပါတယ်။
အစိုးရနဲ့ အန်စီအေ တနိုင်ငံလုံး အပစ်ရပ်လက်မှတ်ထိုးထားတဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) အဖွဲ့မှာတော့ ဥက္ကဋ္ဌ ဦးယွက်စစ်၊ အတွင်းရေးမှူး (၃) ဦးစိုင်းငင်း၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးခေးပျူနှင့် ဦးစိုင်းမိဏ်းတို့ တက်ရောက်ခဲ့ကြပါတယ်။