ဒေါ်အောင်ဆန်းစုကြည်နှင့် အီးယူလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဆွေးနွေး
DVB
·
March 5, 2018
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မနက်ပိုင်းက အီးယူ ဥရောပသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ နေပြည်တော်မှာ တွေ့ဆုံပြီး ရခိုင်ပြည်နယ် အရေးကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။
စတုတ္ထအကြိမ် မြန်မာ-အီးယူ လူ့အခွင့်အရေးဆိုင်ရာဆွေးနွေးပွဲ တက်ရောက်ဖို့ မြန်မာနိုင်ငံကို ရောက်နေတဲ့ မစ္စတာ စတာဗာရို့စ လမ်ဘရီနီဒစ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမမှာ တွေ့ဆုံတာလို့ နိုင်ငံခြားရေးရုံးက သတင်းထုတ်ပြန်ပါတယ်။
တွေ့ဆုံရာမှာ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး၊ ထွက်ခွာသွားသူတွေပြန်လည်လက်ခံရေးနဲ့ ပြန်လည်နေရာချထားရေးဆိုင်ရာ ကိစ္စရပ်တွေအပြင် မြန်မာ-အီးယူ လူ့အခွင့်အရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။