ကျောက်မဲတွင် မူးယစ်ဆေးဝါးဖမ်းဆီးရာမှ ပစ်ခတ်မှုဖြစ်ပွား၊ တရားခံထွက်ပြေးလွတ်မြောက်
နန်းမြနဒီ
·
September 7, 2017
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့နယ်ထဲမှာ ဒီကနေ့ နေ့ခင်းပိုင်းက တာဝန်ရှိသူ တွေက အိမ်တအိမ်ကို မူးယစ်ဆေးဝါး ၀င်ရောက်ရှာဖွေစဉ် အိမ်ရှင်က သေနတ်နဲ့ ပစ်ခတ်ပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။
ကျောက်မဲမြို့အရှေ့ဘက် ၃ မိုင်ခန့်အကွာ ပန်ပေါင်းရွာမှာ နေထိုင်တဲ့ ထွန်းဦး (အသက် ၃၅ နှစ်ခန့် ) မှာ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်တယ်လို့ ကြိုတင်သတင်းရထားတဲ့အတွက် ကျောက်မဲ အခြေစိုက် ကွန်မန်ဒိုတပ်မှ ဗိုလ်ကြီးသော်ဇင်အောင် ဦးဆောင်တဲ့ စစ်တပ်၊ ရဲနဲ့ ရပ်ကွက် အုပ်ချုပ်ရေး မှူးတွေပါတဲ့ ပူးပေါင်းအဖွဲ့ဝင်က ဒီကနေ့ မွန်းလွဲပိုင်း ၁၂ နာရီ ကျော်လောက်မှာ အဲဒီအိမ်ကို သွားရောက်ရှာဖွေစဉ် ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ ကျောက်မဲမြို့မရဲစခန်း တာဝန်ကျ ရဲအရာရှိတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ပူးပေါင်းအဖွဲ့ ၀င်လာတဲ့အချိန်မှာ သူက အိမ်ထဲကနေပြီးတော့ လှမ်းပစ်တယ်။ ပြီးတော့ အိမ်ထဲ ကနေ ထွက်ပြီးတော့ ပစ်ပြေး ပြေးတာ။ ပစ္စတိုနဲ့ ပစ်တာပါ။ လေးငါးချက်လောက်တော့ ရှိမယ်ထင်တယ်၊ ထိခိုက်ဒဏ်ရာရတာတွေတော့ မရှိပါဘူး။ သူ့အိမ်ထဲကိုလည်း ၀င်ပြီးရှာတော့ ဒဗလျူဝိုင်တံဆိပ် စိတ်ကြွဆေးပြား ၁၇၇ ပြားနဲ့ လက်ပစ်ဗုံးတစ်လုံး ပြီးတော့ လေသေ နတ်တစ်လက်၊ သေနတ်ဒူးလေးတစ်လက်၊ ဒူးလေးကိုယ်ထည်တစ်ခု အဲဒါတွေ ဖမ်းမိတယ်။ ပြီးတော့ သူ့အိမ်မှာလည်း စီစီကင်မရာတွေ တပ်ထားသေးတယ်။”
ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ထွန်းဦးရဲ့ ဇနီးဖြစ်သူ မအေးနော် (၄၁ နှစ်)ကို ဖမ်းဆီးထားပြီး ထွန်းဦးကို ဖမ်းဆီးရမိဖို့ လိုက်လံစုံစမ်းရှာဖွေနေပါတယ်။
ဓာတ်ပုံ - လားရှိုးမီဒီယာ