ကျောက်မဲတွင် နွားတင်ယာဉ်တန်းအပစ်ခံရ၊ လူ ၃ ဦးဒဏ်ရာရ
နန်းမြနဒီ
·
November 30, 2018
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင်ထဲမှာ မနေ့ညက နွားတွေတင်ဆောင်လာတဲ့ ယာဉ်တန်းကို လက်နက်ကိုင်အဖွဲ့တဖွဲ့က ပစ်ခတ်ခဲ့လို့ လူ ၃ ဦး ဒဏ်ရာရသွားပါတယ်။
ကျောက်မဲ- မန္တလေးသွား ပြည်ထောင်စုလမ်းမကြီးပေါ်မှာ နိုဝင်ဘာ ၂၉ ရက်ည ၉ နာရီကျော်လောက်က နွားတင်ယာဉ်တန်းမှ ရှေ့ဆုံးကား ၁ စီး အပစ်ခံရတာဖြစ်ပြီး ဒဏ်ရာရသူတွေကို ကျောက်မဲဆေးရုံ ပို့ဆောင်ပေးခဲ့တယ်လို့ ကျောက်မဲ ဇီဝိတဒါန လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ဒီဗွီဘီကို ပြောပါတယ်။
“ဖြစ်တဲ့နေရာကတော့ ကျောက်မဲနဲ့ ၆ မိုင်လောက်ဝေးတဲ့ ပေါက်အင်းလေးရွာ လမ်းခွဲမှာပါ။ ကုန်တင်ကား ၅ စီးက နွားတွေတင်လာတာ၊ ရှေ့ဆုံး ၁ စီးအပစ်ခံရပြီးတော့ အဲဒီမှာ လုံခြုံရေးယူတဲ့ တပ်မတော်သားတွေနဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့ တိုက်ပွဲဖြစ်တယ်။ ပစ်ခတ်မှုက တော်တော်လေးများပါတယ်။ လက်နက်ကိုင်အဖွဲ့က နောက်ဆုတ်သွားပြီး အခြေအနေငြိမ်တော့မှ ဒဏ်ရာရသူတွေ သွားခေါ်ရတယ်။ ဒဏ်ရာရတာက ၃ ယောက်ပေါ့။ သူတို့ ကျည်ဆန်က ပါးကိုဖောက်ဝင်တာရှိတယ်၊ တင်ပါးနဲ့ ခြေထောက်တွေမှာလည်း ထိတယ်၊ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး။”
ဒဏ်ရာရသူ ၃ ဦးကတော့ ယာဉ်မောင်း ဦးသန်းတင်၊ ယာဉ်နောက်လိုက် ကိုငယ်လေး နဲ့ ဦးမောင်မောင်တို့ ဖြစ်ပါတယ်။
ကျောက်မဲခရိုင်ထဲမှာ အရင်က နွားတွေ သယ်ဆောင်မယ်ဆိုရင် လက်နက်ကိုင်အဖွဲ့တွေကို ဆက်ကြေးပေး မှောင်ခိုသယ်ဆောင်ကြရတာပါ။ မနှစ်ကတော့ အစိုးရက အခွန်ဆောင်ခိုင်ပြီး နွားတွေ တရားဝင်သယ်ဆောင်ခွင့်ပြုလိုက်တာကြောင့် နွားကုန်သည်တွေဟာ တရားဝင် လမ်းကြောင်းကနေ သယ်ဆောင်ကြပေမယ့် အခုလိုချောင်းမြောင်းပစ်ခတ်တာကို အမြဲခံနေရတယ်လို့ ဦးတင်မောင်သိန်းက ပြောပါတယ်။
ဓာတ်ပုံ - Tin Maung Thein