မိတ္ထီလာတွင် ရဲဒုတပ်ကြပ်ကို တိုက်ပြေးသည့်ကားအား ဖမ်းမိ
DVB
·
September 4, 2017
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်း မိုင်တိုင် ၁/၅ နဲ့ ၆ အကြား မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို စာလာပို့ပြီးပြန်လာတဲ့ ရဲဒုတပ်ကြပ်အား တိုက်ပြီး မောင်းပြေးသွားတဲ့ကားကို စက်တင်ဘာ ၃ ရက် မနက်အစောပိုင်းက ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ အလည်ရွာရဲစခန်းက ရဲဒုတပ်ကြပ်ဟိန်းမင်းဇာဟာ စက်တင်ဘာ ၂ ရက် ည ၇ နာရီခွဲက မြို့နယ်ရုံးကို စာလာပို့ပြီး အပြန်မှာ အိမ်စီးကားက ဆိုင်ကယ်ကို ကျော်တက်စဉ် တိုက်မိပြီး မောင်းပြေးသွားခဲ့တာပါ။
ယာဉ်တိုက်မှုကြောင့် ရဲဒုတပ်ကြပ် ဟိန်းမင်းဇာ ပွန်းပဲ့ပြီး ခြေသလုံးရုံး ၂ ဖက်လုံး ကျိုးသွားတယ်၊ မိတ္ထီလာမြို့မရဲစခန်းမှာ အမှုဖွင့်ပြီး ရဲခန်းတွေမှာ ကားပုံစံကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။
ဒီနောက် စက်တင်ဘာ ၃ ရက် မနက်အစောပိုင်းမှာ ပေပင်လေး အမြန်လမ်းရဲစခန်းက အောင်မြေသာဇံမြို့နယ် အောင်ပင်လယ်ရပ်ကွက် ထွန်တုံးရပ်မှာနေတဲ့ ယာဉ်မောင်း ကျော်သူရ ကို YGN-2J/7581 နံ ပါတ်တပ်ထားတဲ့ တိုယိုတာကိုရိုလာ အနီရောင် ကားနဲ့အတူ ဖမ်းမိတာပါ လို့ မြို့မရဲစခန်းက ပြောပါတယ်။
ဒုရဲအုပ်အောင်သူမင်းက “ဒုတပ်ကြပ် ဟိန်းမင်းဇာကတော့ မိတ္ထီလာဆေးရုံမှာ ခြေသလုံး ၂ ဖက်လုံး ကျိုးသွားတာ ကုသနေတယ်။ တိုက်ပြေးတဲ့ကားကို ဖမ်းမိတော့ ယာဉ်လိုင်စင် စိစစ် စစ်ဆေးတယ်၊ တရားဝင် မှတ်ပုံတင်မရှိဘူး၊ လိုင်စင်မဲ့ဖြစ်နေတယ်၊ ကျော်သူရကို တိုက်ပြေးအမှုအပြင် နောက်ထပ် သွင်းထုတ်ဥပဒေနဲ့ အမှုတခု ထပ်ဖွင့်တယ်” လို့ ပြောပါတယ်။
မိတ္ထီလာမြို့မရဲစခန်းက ယာဉ်မောင်း ကျော်သူရကို ယာဉ်မဆင်မခြင်မောင်းလို့ ပြင်းထန်ဒဏ်ရာရမှု/ထွက်ပြေးမှု ရာဇသတ်ကြီးပုဒ်မ-၃၃၈/၂၀၂၊ သွင်းကုန်ထုတ်ကုန် ကြီးကြပ်ရေး(ယာယီ)အက်ဥပဒေ ပုဒ်မ-၈ တို့နဲ့ အမှုဖွင့်ထားပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)