ကော့သောင်းတွင် မူးယစ်ဆေးဝါး သိန်း ၁၄၀ ဖိုး ဖမ်းမိ
DVB
·
September 3, 2017
ကော့သောင်းမြို့၊ ရွှေဟင်္သာရပ်ကွက်မှာ စက်တင်ဘာ ၂ ရက် ညနေပိုင်းက ICE အမျိုးအစား မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိတယ်လို့ ကော့သောင်းခရိုင် မှုခင်းနှိမ်နင်းရေး ဌာနမှ ရဲအုပ် အောင်ဇော်မင်းထွန်းက ပြောပါတယ်။
ရဲအုပ်အောင်ဇော်မင်းထွန်းနဲ့အဖွဲ့က ကော့သောင်းမြို့၊ ရွှေဟင်္သာရပ်ကွက်၊ ရွာမလမ်း အမှတ် ၂၁၇ နေ မသန်းဌေးဟာ မူးယစ်ဆေးဝါးရောင်းချဖို့ ဆိုင်ကယ်နဲ့ သွားလာနေတယ်လို့ သတင်းအရ သက်သေတွေနဲ့အတူ လိုက်လံစုံစမ်းရှာဖွေခဲ့ရာ အဏ္ဏဝါရပ်ကွက် ကမ်းနားလမ်း တရုတ်ဘုံကျောင်းအနီး ဆိုင်ကယ်နဲ့ သူ့ရဲ့တူဖြစ်သူ ကောင်းစစ်ဟန် (၁၃)နှစ် ကိုတင်ဆောင်သွား လာနေတာကိုတွေ့ရလို့ စစ်ဆေးရာ ကောင်းစစ်ဟန်ကိုင်ဆောင်တဲ့ မုန့်ထုပ်ထဲက အလေးချိန် ၁၀ ဂရမ်ပါ ICE အမျိုးအစားမူးယစ်ဆေးဝါး ၃ ထုပ်ကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
မသန်းဌေး နေအိမ်ကို ဝရမ်းအမှတ်(၉/၂၀၁၇)နဲ့ ဆက်လက်ဝင်ရောက်စစ်ဆေးရှာဖွေခဲ့ရာ နေအိမ်လှေခါးအနီး မှန်ဘီဒို အောက်ဘက်မှာ တိပ်နဲ့ကပ်ထားတဲ့ ICE အမျိုးအစား မူးယစ်ဆေးဝါး ၁၀၀ ဂရမ်ခန့်ပါ ၆ထုပ်၊ ၁၀ ဂရမ်ခန့်ပါ ၇ ထုပ်၊ စုစုပေါင်း ကာလတန်ဖိုး သိန်း ၁၄၀ ဖိုးလောက် ထပ်မံဖမ်းဆီးရမိခဲ့ပြီး မသန်းဌေးကို ဆက်လက်မေးမြန်းခဲ့ရာ မူးယစ်ဆေးဝါးတွေကို ဘုရားသုံးဆူမြို့နေ သစ်လွင်ဦးဆီက ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။
မူးယစ်ဆေးဝါးရောင်းဝယ်ရာမှာ အသက် ၁၆ နှစ် မပြည့်သေးသူ ကလေးငယ်ကိုအသုံးချပြီး မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိရသူ မသန်းဌေးနဲ့ တဆင့်ပြန် လည်ရောင်းချပေးသူ သစ်လွင်ဦးတို့ကို ကော့သောင်းရဲစခန်းက မယပုဒ်မ-၁၅/၁၉(က)/၂၀(က) /၂၂(ဂ) /၂၁ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ကော့သောင်းရဲစခန်းက ဒုစခန်းမှူး ရဲအုပ်အေးကြိုင်က ပြောပါတယ်။
လတ်ကိုကိုဦး