ကော့သောင်းတွင် ဆိုင်ကယ်တိမ်းမှောက်မီးလောင်၊ ၃ ဦး သေဆုံး
DVB
·
January 26, 2018
ကော့သောင်းမြို့တွင် ဇန်န၀ါရီ ၂၅ ရက် မွန်းလွဲပိုင်းက ဆိုင်ကယ် အရှိန်အထိန်းနိုင်ဘဲ တိမ်းမှောက် မီးလောင်သွားလို့ ၃ ဦး သေဆုံးခဲ့ပါတယ်။
ဖြစ်စဉ်မှာ ငလင်း(ခ)လင်းလင်းထွန်းမောင်းနှင်ပြီး ဆိုင်ကယ်နောက်ခံမှာ လင်းဦး၊ သူရအောင်နဲ့ သန်းဇော်ထွေးတို့ ၃ ဦး စီးနင်းလိုက်ပါလာတဲ့ ဆိုင်ကယ်ဟာ တောင်ပတ်လမ်းအတိုင်း မောင်းနှင်လာရာ ရွှေပါရမီတောရဘုန်းတော်ကြီးကျောင်းရှေ့ ကုန်းဆင်းအကွေ့မှာ အရှိန်မထိမ်းနိုင်ဘဲ ချောက်တွင်းထိုးကျပြီး ဆိုင်ကယ်ပါမီးလောင်ကာ ၂ ဦး နေရာမှာ သေဆုံးခဲ့တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။
“သူတို့က ဆိုင်ကယ်တစီးမှာ ၄ ယောက်စီးပြီး ဒီကုန်းဆင်းကို အရှိန်နဲ့ဆင်းတာ။ ဒီကုန်းဆင်းက ပုံမှန်မောင်းရင်တောင် သတိထားမောင်းရတာအရှိန်နဲ့ ဆင်းပြီးအကွေ့မှာ လမ်းခင်းထားတဲ့ ကျောက်တွေနဲ့ စလစ်ဖြစ်ပြီး အရှိန်မထိမ်းနိုင်ဘဲ ဘေးကချောက်ထဲကို ကျသွားတာ” လို့ မြင်တွေ့သူတဦးက ပြောပါတယ်။
ဆိုင်ကယ်မှောက်မှုကြောင့် ထက်လင်းဦး နဲ့ ငလင်း(ခ)လင်းလင်းထွန်း တို့နှစ်ဦး အခင်းဖြစ်နေရာမှာ သေဆုံးပါတယ်။
သူရအောင်နဲ့ သန်းဇော်ထွေးတို့နှစ်ဦးကို ဒဏ်ရာတွေနဲ့ ဆေးရုံတင်ပို့ခဲ့ပြီးနောက် သန်းဇော်ထွေးကတော့ ဇန်နဝါရီ ၂၆ ရက် မနက် ၁၁ နာရီမှာ ထပ်မံသေဆုံးခဲ့တာပါ။
ကော့သောင်း ရဲတပ်ဖွဲ့စခန်းက ငလင်း(ခ) လင်းလင်းထွန်းကို လူသေဆုံးသည်အထိ ယာဉ်မဆင်မခြင်မောင်းနှင်မှု ရာဇသတ်ကြီးပုဒ်မ-၃၀၄ (က)/၃၃၈ တို့နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ဒုစခန်းမှူး ရဲအုပ်အေးကြိုင် က ပြောပါတယ်။
လတ်ကိုကိုဦး