ဒေါ်အောင်ဆန်းစုကြည်နှင့် မွန်ပြည်သစ်ပါတီတွေ့ဆုံဆွေးနွေး
DVB
·
September 1, 2017
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်ဟံသာ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေ နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးပါတယ်။
တွေ့ဆုံစဉ် မွန်ပြည်သစ်ပါတီရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ဆောင်ရွက်မှု အခြေအနေတွေကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပြီး ဆွေးနွေးတဲ့ အကြောင်းအရာတွေကိုတော့ ထုတ်ပြန်ခြင်းမရှိပါဘူး။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာ မွန်ပြည်သစ်ပါတီဌာနချုပ်အနီး တပ်မတော်က လာရောက်တပ်စွဲထားတဲ့ ကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေးမယ်လို့ မွန်ပြည်သစ်ပါတီ ဗဟိုကော်မီတီဝင် နိုင်အောင်မငေးက တွေ့ဆုံပွဲ မတိုင်ခင် ဒီဗွီဘီကို ပြောထားပါတယ်။
တွေ့ဆုံပွဲကို အစိုးရဘက်က ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ အမျိုးသားလုံခြုံရေး ဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ ဒုဝန်ကြီး ဦးမင်းသူ၊ ဒုဝန်ကြီး ဦးခင်မောင်တင်၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ မွန်ပြည်သစ်ပါတီဘက် ဒုတိယဥက္ကဋ္ဌနဲ့ အတူ နိုင်ဇေယျ၊ နိုင်လယီကောင်း၊ နိုင်ဝင်းလှ၊ နိုင်အောင်မငေးတို့ တက်ရောက်ကြတယ်လို့ သိရပါတယ်။
မွန်းလွဲပိုင်းမှာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက မွန်ပြည်သစ်ပါတီအဖွဲ့အား အလုပ်သဘော နေ့လယ်စာစားပွဲနဲ့ ဧည့်ခံခဲ့ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနအဖွဲ့ဝင် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ ဒုဗိုလ်ချုပ်ကြီး မင်းနောင်လည်း တက်ရောက်ခဲ့တယ်လို့ အစိုးရ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဓာတ်ပုံ- State Counsellor