မိုင်းတုံမြို့တွင် ဆိုင်ကယ်နှစ်စီး တိုက်မှုဖြစ်ပွား၊ ကျေးရွာအုပ်ချုပ်ရေးမှူး သေဆုံး
DVB
·
August 20, 2017
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့ ဝမ်းနားကျေးရွာအကြား သြဂုတ် ၁၉ ရက် ည ၈ နာရီလောက်က ဆိုင်ကယ်နှစ်စီးတိုက်မိပြီး ကျေးရွာအုပ်ချုပ်ရေးမှူး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“ဆိုင်ကယ်နှစ်စီး ဝမ်းနားရွာအထွက် တံတားအလွန်မှာ တိုက်တယ်ကြားလို့ စခန်းကနေ ကူညီဖို့ သွားရောက်တဲ့အခါ လူတယောက်လမ်းမပေါ် လဲနေတာတွေ့လို့ အနီးနားက ကားတစီးအကူအညီတောင်းပြီး ဆေးရုံပို့ခဲ့တာပါ" လို့ မီးသတ်ရဲဘော်တဦးက ပြောပါတယ်။
အုပ်ချုပ်ရေးမှူး ဦးစိုင်းပန္တိမှာ မိုင်းတုံမြို့ရှိ အသုဘနေအိမ်မှာ ရှမ်းစာတရားနာဖို့ လာရောက်စဉ် မိုင်းတုံဘက်က မောင်းလာတဲ့ ဆိုင်ကယ်က အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်ခံရပြီး ဦးခေါင်းပေါက်ပြဲဒဏ်ရာ ညာနားအတွင်း သွေးထွက်ဒဏ်ရာ၊ ဘယ်ဖက်ခြေသလုံးအရိုးကျိုး ၉ လက်မလောက် ပေါက်ပြဲဒဏ်ရာတွေနဲ့ ဆေးရုံရောက်ရှိစဉ်သေဆုံးနေခဲ့တာဖြစ်ပါတယ်။
“မီးသတ်စခန်းက ဖုန်းဆက်အကြောင်းကြားတာနဲ့ နယ်ထိန်းအဖွဲ့စေလွတ်ခဲ့ချိန်မှာ ဆိုင်ကယ်နှစ်စီးကို တစီးနဲ့တစီး ၂၈၅ ပေအကွာမှာ တွေ့ခဲ့တာ၊ တဖက်ကဆိုင်ကယ်မောင်းတဲ့သူက ဆိုင်ကယ်ကို တွန်းယူသွားပြီး မီးသတ်တပ်ဖွဲ့ဝင်တွေ ရောက်လာတာ မြင်လို့ ထွက်ပြေးသွားတယ်လို့ ယူဆပါတယ်” လို့ စခန်းမှူး ဒုရဲမှူး သန်းလွင်က ပြောပါတယ်။
မိုင်းတုံမြို့မရဲစခန်းက ယာဉ်မဆင်မခြင်မောင်းနှင်ပြီး တိုက်မိထွက်ပြေးသွားသူကို ရာဇသတ်ကြီးပုဒ်မ-၃၀၄(က)/၂၀၂ နဲ့ အရအမှုဖွင့်စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။
အောင်ဇေယျ(မိုင်းတုံ)