မြိတ်ကလေးဆေးရုံကြီးတွင် ဆိုင်ကယ်ခိုးယူသူ ၂ ဦးကို ဖမ်းမိပြီ
DVB
·
August 18, 2017
မြိတ်မြို့၊ ကန်ခေါင်းရပ် ကလေးဆေးရုံကြီးကနေ ဆိုင်ကယ်ခိုးယူခဲ့သူနှစ်ဦးကို သြဂုတ်လ ၁၇ ရက် ညနေ ၃ နာရီခွဲလောက်က ဖမ်းဆီးရမိခဲ့တယ်လို့ ရဲက ပြောပါတယ်။
မိခင်နှင့် ကလေးဆေးရုံကြီးအတွင်း လွန်ခဲ့တဲ့ ၁၃ ရက်လောက်က ဆိုင်ကယ်ပျောက်ဆုံးမှုမှာ စီစီတီဗွီ မှတ်တမ်းမှာတွေ့ရတဲ့ မသင်္ကာသနှစ်ဦးကို ဆိပ်ငယ်ရပ်၊ ကမ်းနားလမ်းမှာ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ထွန်းထွန်းနိုင်နဲ့အဖွဲ့ဟာ သက်သေတွေနဲ့အတူ ဆိုင်ကယ်ကို စစ်ဆေးရာ ကလေးဆေးရုံက ခိုးယူလာတဲ့ ဆိုင်ကယ်ဖြစ်ကြောင်း သိရပါတယ်။
“ကျနော်တို့နယ်မြေသတင်းစုံစမ်းရင်းနဲ့ လွန်ခဲ့တဲ့ ၁၃ ရက်လောက်က ကန်ခေါင်းကလေးဆေးရုံက ဆရာဝန်ရဲ့ ဆိုင်ကယ်ကို ခိုးယူသွားတဲ့ လူနှစ်ယောက်ကို စီစီတီဗွီ မှတ်တမ်းမှာ ပေါ်နေတော့ အဲဒီ မင်္သာကာတဲ့ လူနှစ်ယောက်ကို ကျနော်တို့အဖွဲ့ ဒီနေ့ ညနေ ၃ နာရီခွဲလောက်က ကမ်းနားလမ်း ဆိပ်ကမ်းရုံနားမှာ ဆိုင်ကယ်တစီးနဲ့တွေ့တာ ရပ်တန့်စစ်ဆေးတော့ ဆေးရုံက ခိုးလာတဲ့ဆိုင်ကယ်လို့ သူတို့ကလည်း ဝန်ခံပါတယ်” လို့ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ထွန်းထွန်းနိုင်က ပြောပါတယ်။
မြိတ်မြို့မရဲစခန်းက ဆိုင်ကယ်ခိုးယူသူ ခင်ကျော် နဲ့ ရန်နိုင်ထွေးတို့ကို ပြစ်မှုပုဒ်မ ၃၈၀/ကျင့် ၅၄ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
မြတ်ထွဋ် (မြိတ်)