ဖားကန့်တွင် မီးလောင်၊ ဈေးဆိုင်နှင့်နေအိမ်များဆုံးရှုံး
နန်းမြနဒီ
·
August 16, 2017
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်လို့ခေါ်တဲ့ ဆိပ်မူရွာရပ်ကွက် ၂ ထဲမှာ ဒီနေ့ မနက်စောစောက မီးလောင်မှုဖြစ်ပွားပြီး ဈေးဆိုင်နဲ့ အိမ်ခြေ စုစုပေါင်း ၁၁ လုံး ဆုံးရှုံးပြီး အိမ်ထောင်စု ၃၀ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။
ငါးဒိုင်လုပ်တဲ့ အိမ်တအိမ်မှာ ၀ါယာရှော့ဖြစ်ပြီး ဒီနေ့မနက် ၅ နာရီကျော်လောက်က စတင် လောင်ကျွမ်းရာမှာ မီးသတ်ကား ၆ စီး၊ ရေသယ်ကား ၁၀ စီးနဲ့ ရပ်ကွက်နေပြည်သူတွေပါ ၀ိုင်းဝန်းငြှိမ်းသတ်လို့ မနက် ၇ နာရီလောက်မှာ မီးညွှန့်ကျိုးသွားတယ်လို့ ဆိုင်းတောင် ရဲကင်းမှူး ရဲအုပ် ထွန်းအောင်က ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့သိရတာကတော့ ရန်နိုင်စိုးငါးဒိုင်က ၀ါယာရှော့ဖြစ်ပြီး လောင်တာ၊ မီးစက်ကနေ မီးနှိုးရင်းက လောင်တယ်လို့ သိရပါတယ်။ ဆုံးရှုံးသွားတာကတော့ အိမ် ၁၁ လုံး၊ အိုးမဲ့အိမ်မဲ့ဖြစ်သွားရတဲ့ အိမ်ထောင်စုပေါင်း ၃၃ စု၊ အခု သူတို့အားလုံးကို စိန္တသုခဘုန်းကြီးကျောင်း ထဲမှာ နေရာချပေးထားပါတယ်။”
မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ် သိန်း ၃၀၀ နီးပါး ခန့်မှန်းပြီး မီးစလောင်တဲ့ အိမ်ရှင်ကို မီးပေါ့ဆမှုနဲ့ အမှုဖွင့်ထားတယ်လို့ ရဲကင်းမှူးက ပြောပါတယ်။
ပျက်စီးဆုံးရှုံးမှုတွေနဲ့ ပတ်သက်ပြီး ဆိတ်မူကျေးရွာ အန်အယ်လ်ဒီဥက္ကဋ္ဌ ဦးရွှေသိန်းကတော့ အဲဒီမီးလောင်တဲ့နေရာဟာ အိမ်ဆိုင်တွေဖွင့်ထားတာကြောင့် ဈေးတန်းလိုဖြစ်နေကြောင်း၊ အိမ်ပေါင်း ၁၁ လုံးမှာ ဈေးဆိုင်ခန်းလေးတွေ အခန်း ၅၀ ကျော်ရှိပြီး စတိုးဆိုင်ကြီးတွေပါ ပါသွားတဲ့အတွက် ကျပ်သိန်းပေါင်း ထောင်နဲ့ချီ ဆုံးရှုံးမှုရှိနိုင်တယ်လို့ ခန့်မှန်း ပြောပါတယ်။
ဓာတ်ပုံ - ဇော်မိုးထက်