မလွှဲတောင် ကားလမ်းတွင် တောင်ပြိုမှုဖြစ်၊ လမ်းလုပ်သား ၁ ဦး ပျောက်ဆုံး
DVB
·
July 21, 2017
မွန်ပြည်နယ် ရေးမြို့နယ် ရေး-ထားဝယ်သွား ကားလမ်း မိုင်တိုင်အမှတ် ၁၁၄ မလွှဲတောင်လမ်းပိုင်းမှာ ဇူလိုင် ၂၀ ရက်နေ့ ညနေပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကားလမ်းပေါ် တောင်ပြိုမှုဖြစ်ပွားခဲ့လို့ လမ်းလုပ်သားတဦး ပျောက်ဆုံးနေတယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ပြောပါတယ်။
မြေပြိုမှုဖြစ်ပွားမှုကြောင့် ရန်ကုန်-ထားဝယ်-မြိတ် ဖြတ်သန်းသွားလာမယ့် မှန်လုံယာဉ်နဲ့ ကုန်တင်ယာဉ် အစီး ၃၀ လောက် ယာဉ်ပိတ်ဆို့မှု ဖြစ်ပွားခဲ့ပြီး လမ်းလုပ်သားတဦး ပျောက်ဆုံးခဲ့တာပါ။
မလွှဲတောင်အခြေစိုက် ခေါဇာလမ်းဦးစီးဌာနမှ အင်ဂျင်နီယာ ဦးတိုးဇေယျာလင်း ဦးစီးတဲ့ လမ်းလုပ်သား ၄ ဦးက လမ်းပိတ်ဆို့မှုကို မြေကော်စက် ၁ စီးနဲ့ ရှင်းလင်းဖယ်ရှားခဲ့ရာ ညနေ ၆ နာရီလောက်မှာ ရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ပျောက်ဆုံးနေတဲ့ လမ်းလုပ်သားကို ဆက်လက်ရှာဖွေနေပြီး အခုချိန်ထိတော့ မတွေ့သေးဘူးလို့ ရေးမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က ပြောပါတယ်။
နေမျိုးထွဋ်(ရေး)