မောင်တောတွင် ပေါက်ကွဲမှုဖြစ်၊ ၃ ဦးသေဆုံး
DVB
·
July 16, 2017
ဇူလိုင် ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃ဝ လောက်မှာ ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း ပြောင်ပစ်ကျေးရွာမှာ ပေါက်ကွဲမှုဖြစ်ပြီး ၃ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ပြောင်ပစ်ကျေးရွာနားမှာ ပေါက်ကွဲသံကြားတဲ့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သွားရောက်စစ်ဆေးတဲ့အခါ ပြောင်ပစ်ရွာရဲ့ တောင်ဘက် ကားလမ်း အနောက်ဘက် တောင်ကြားမှာ ပေါက်ကွဲမှုကြောင့် ဒဏ်ရာတွေနဲ့ သေဆုံးနေသူ အမျိုးသား ၁ ယောက်နဲ့ ဒဏ်ရာအပြင်းအထန် ရရှိသူ ၃ ယောက်ကို တွေ့ခဲ့ရတယ်လို့ နယ်ခြားစောင့်ရဲအရာရှိတဦးက ပြောပါတယ်။
သူတို့ ၄ ယောက် ကောက်စိုက်ပြီး လယ်အနီးက တောင်ကုန်းပေါ်မှာ အနားယူဖို့ တက်ချိန် မိုင်းပေါက်ကွဲခဲ့တာလို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။
ပေါက်ကွဲမှုကြောင့် ဆွေယော့ဒူလာ ၁၄ နှစ် သည်နေရာမှာ သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ဖေရန် ၆၀ နှစ် (စိုးရိမ်ရ)၊ အူစမန် ၁၇ နှစ် (စိုးရိမ်ရ)၊ ကီမန်ဟူဆောင်း ၁၂ နှစ် (မစိုးရိမ်ရ) တို့အား မောင်တောဆေးရုံကို ပို့ဆောင်ခဲ့တာမှာ ဒဏ်ရာရရှိသူ ဖေရန်နဲ့ အူစမန်တို့ ၂ ဦး ဆေးရုံမှာ သေဆုံးခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။
မောင်တောဒေသမှာ မကြာခဏ ပေါက်ကွဲမှုတွေ၊ တိုက်ခိုက်သတ်ဖြတ်မှုတွေ ဖြစ်နေတဲ့အတွက် ဒေသခံတွေ စိုးရိမ်မှုတွေ ရှိနေပြီး မောင်တောဒေသ အခြေအနေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် လွှတ်တော်မှာ အရေးကြီးအဆိုနဲ့ စုံးစမ်းမှုအစီရင်ခံစာတွေ တင်သွင်းဆွေးနွေးနေပါတယ်။
ပေါက်ကွဲမှုကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး ဒေသန္တရ လက်လုပ်မိုင်းလို့ ယူဆထားသလို အကြမ်းဖက်သမားတွေ ထောင်ထားတာဖြစ်နိုင်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။