မိုးညှင်းတွင် သမီးရည်စားစုံတွဲ ဓားထိုးခံရ၊ မိန်းကလေး သေဆုံး
DVB
·
June 25, 2017
ကချင်ပြည်နယ်မိုးညှင်းမြို့ မြို့ရှောင်လမ်းဘေး လောက်စာတောင်ခြေရင်းအနီးမှာ ဇွန်လ ၂၄ ရက် ညနေ ၄ နာရီခွဲက သမီးရည်းစားစုံတွဲ ဓားဒဏ်ရာတွေနဲ့ ကောင်မလေးသေဆုံးနေပြီး ကောင်လေးကတော့ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံနေရတယ်လို့ မိုးညှင်းမြို့ မရဲစခန်းက သိရပါတယ်။
ဇွန် ၂၄ ရက် နေ့လယ် ၁ နာရီလောက်က သမီး မအေးစုမွန်ဆီကို သူ့ရည်းစားမြတ်ထွန်းဦး ဖုန်းဆက်စကားပြောတာကို မိခင်ဖြစ်သူဒေါ်ထော်က တွေ့မြင်လိုက်ရပြီး မကြာခင် မြတ်ထွန်းဦး မောင်းနင်တဲ့ ဆိုင်ကယ်နောက်မှာ ထိုင်လိုက်သွားကို မြင်လိုက်တယ်လို့ အိမ်နီးချင်းမဖြူက ပြောပါ တယ်။ ညနေ ၄ နာရီခွဲမှာ မိုးညှင်းမြို့ မြို့ရှောင်လမ်းအနီးမှာ အမျိုးသမီးတဦး ဓားဒဏ်ရာနဲ့ သေဆုံးနေပြီး အမျိုးသားတဦးမှာ ဒဏ်ရာတွေနဲ့ ဆေးရုံရောက်နေကြောင်း သတင်းကြားလို့ ခင်ပွန်းဦးညွန့်ဝေနဲ့ သွားရောက်ကြည့်ရှုရာ သေဆုံးသူမှာ သမီးဖြစ်သူမအေးစုမွန်ဖြစ်ကြောင်း သိရတဲ့အတွက် အမှုမှန်ဖော်ထုတ် အရေးယူပေးဖို့ မိခင်ဖြစ်သူဒေါ်ထော်က မိုးညှင်းမြို့မရဲစခန်းကို တိုင်တန်းခဲ့တာပါ။
သေဆုံးသူ မအေးစုမွန်မှာ ထိုးသွင်းဒဏ်ရာ ၁၁ ချက်ရရှိပြီး မြတ်ထွန်းဦးမှာ ဦးခေါင်း၊ လည်ပင်းနဲ့ လက်တွေမှာ ပြတ်ရှဒဏ်ရာများ ရရှိပြီး အတွင်းလူနာအဖြစ် ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။
သက်သေခံပစ္စည်းအဖြစ် ဓားရှည် ၁ ချောင်း၊ ခေါက်ဓား ၁ ချောင်းနဲ့ အပ်တပ်ထားတဲ့ ဆေးထိုးပိုက် ၂ ချောင်းကို တွေ့ရှိရပြီး ဒုရဲမှူး ထွန်းမြင့်အောင်က ရာဇသတ်ကြီး ပုဒ်မ-၃၀၂/၃၂၆ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရှိရပါတယ်။
ခင်သန်းညွန့် (မိုးညှင်း)