Home
မြန်မာသတင်း
မောင်တောတွင် စိတ်ကြွဆေးများ ဝမ်းဗိုက်အတွင်း မြိုချသယ်လာသူကို ဖမ်းမိ
DVB
·
May 26, 2017
18622302_737390676434041_6415466612666461983_n
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မောင်တော-ကြိမ်ချောင်း ကားလမ်းမှာ နယ်မြေလုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဒီနေ့မနက်ပိုင်း သတင်းအရ ရှာဖွေစစ်ဆေးရာမှ စိတ်ကြွဆေးပြားတွေ ဝမ်းဗိုက်အတွင်း မြိုချသယ်ဆောင်လာသူတဦးအား ဖမ်းဆီးရမိခဲ့ပါတယ်။ မောင်တော-ကြိမ်ချောင်း ကားလမ်းမှာ နယ်မြေလုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဒီနေ့မနက် ၇ နာရီခွဲလောက်က ဆိုင်ကယ်တစီးအား ရပ်တန့်ခိုင်းစဉ် ဆိုင်ကယ်နောက် စီးနင်းလိုက်ပါလာသူက ဆင်းပြီး မောင်းနှင်လာသူကတော့ ရပ်တန့်ဟန်ပြင်ပြီးနောက် ကြိမ်ချောင်းဘက် မောင်းနှင် ထွက်ပြေးသွားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဆိုင်ကယ်နောက်မှ စီးနင်းလာသူအား စစ်ဆေးမေးမြန်းရာ ရေမျက် တောင်ကျေးရွာနေ ရာဟာမာအုလ္လာ (၃၁) နှစ်ဖြစ်ပြီး မောင်းနှင်ထွက်ပြေးသွားသူကတော့ တရွာတည်းနေ ဆီရာဇူလ်အီစ္စလာမ် ၄ဝ နှစ် ဖြစ်ကြောင်း၊ သူတို့ နှစ်ဦးဟာ ရေမျက်တောင်ကျေးရွာမှ ထွက်ခွာလာပြီး ဇင်ပိုင်ညာ ကျေးရွာအနီး ဓနိတောနေရာအရောက်မှာ ဆီရာဇူလ်အီစ္စလာမ်က ပလတ်တစ်နဲ့ ထုပ်ပိုးထားသော ပိန္နဲစေ့အရွယ်ရှိ အထုပ် ၃ဝ လောက်အား ဝမ်းဗိုက်ထဲ မြိုချ သယ်ဆောင်ပေးပါက ငွေကျပ် ၅ဝဝဝဝ ပေးမယ်ပြောတာကြောင့် မြိုချသယ်ဆောင်လာ တာဖြစ်ကြောင်း ထွက်ဆိုခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ မြိုချသယ်ဆောင်လာသူ ရာဟာမာအုလ္လာအား နယ်မြေရဲစခန်းခေါ်ပြီး ထမင်းနဲ့စားစရာတွေ ကျွေးပြီး မစင်စွန့်ခိုင်းရာမှ မစင်အတွင်း WY/ R စာတမ်းပါ စိတ်ကြွဆေးပြား ၄၈ ပြားပါ အထုပ် ၃ဝ၊ စုစုပေါင်း ၁၄၄ဝ ပြား၊ ခန့်မှန်းကာလ တန်ဖိုးငွေကျပ် ၂၉ သိန်းခန့်အား သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ ရာဟာမာအုလ္လာနဲ့ ဆိုင်ကယ်မောင်းနှင်ထွက်ပြေးသွားသူ ဆီရာဇူလ်အီစ္စလာမ်တို့အား ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024