မောင်တောတွင် စိတ်ကြွဆေးပြား ၆၅၀၀၀ ခန့် သိမ်းဆည်းရမိ
DVB
·
November 25, 2016
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း WY စာတန်းပါ စိတ်ကြွဆေးပြား ၆၅၀၀၀ ခန့် ကာလတန်ဖိုး သိန်း ၁၃၀၀ ကျပ်ခန့်အား သိမ်းဆည်းရမိခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက နိုဝင်ဘာ ၂၅ ရက်မှာ သတင်းထုတ်ပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ မောင်တောမြို့ ကညင်ချောင်းဝမှ တပ်ချောင်းဘက်သို့ တိုက်ကင်းလှည့်နေတုန်း မသင်္ကာဖွယ်ရာလှေ ၁ စီးနှင့် လူ ၃ ဦးခန့်အား တွေ့ရှိခဲ့လို့ မီးအချက်ပြခေါ်ယူခဲ့ပေမယ့် လာရောက်ခြင်း မရှိတဲ့အတွက် လက်နက်ငယ် ၅ ချက်ခန့် ခြောက်လှန့်ပစ်ခတ်ပြီး လိုက်လံဖမ်းဆီးခဲ့ရာ ဓနိတောအတွင်းသို့ ထွက်ပြေးသွားခဲ့တယ်။
အလျား ပေ ၂၀၊ အနံ ၃ ပေရှိတဲ့ လက်ခတ်လောင်းလှေ ၁ စီး အား ကမ်းစပ်မှာ သိမ်းဆည်းရမိပြီး လှေပေါ်မှာ တိတ်အဝါနဲ့ ပတ်ထားတဲ့ အထုတ် ၇ ထုတ်အတွင်းကနေ WY စာတမ်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ် ဆေးပြား ၆၅၀၀၀ ခန့် သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။