မိတ္ထီလာတွင် တပ်မတော်သား ၁ ဦး ဓားခုတ်ခံရ
DVB
·
April 20, 2017
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့သီရိမင်္ဂလာရပ်ရှိ ဗိဿနိုး လက်ဖက်ရည်ဆိုင်မှာ ဒီကနေ့ မနက် ၃ နာရီလောက်က တပ်မတော်သား ၁ဦးဓားနဲ့ ခုတ်ခံရလို့ ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
အမှတ် ၁ စက်သုံးဆီ ထိန်းသိမ်းရေးတပ်က တပ်သား မြင့်မြတ်ပိုင် တပ်ပြန်ဖို့ လမ်းပေါ်အရောက် ကျော်ဆန်းဝင်းဆိုသူက ဓားရှည်နဲ့ ခုတ်လို့ ဒဏ်ရာရသွားတယ်လို့ မိတ္ထီလာအမှတ်(၂) ရဲစခန်းက ပြောပါတယ်။
အမှတ်(၂) ရဲစခန်းတာဝန်ကျအရာရှိဒုရဲအုပ် လှမျိုးသူက “ကျော်ဆန်းဝင်းက မင်းငါ့မိန်းမကို ဘာပြောတာလဲဆိုပြီး ဓားနဲ့ခုတ်တယ်။ ကျော်ဆန်းဝင်းပါ ၅ ဦးလို့ မြင့်မြတ်ပိုင်က အမှုဖွင့်ဖို့တိုင်တန်းတယ်။ ညာလက်ဖျံနဲ့ ခေါင်းချိုစောင်း၊ ဘယ်လက်ညိုးတို့မှာ ပြတ်ရှသွားတယ်။ မိတ္ထီလာကုတင် ၅၀၀ တပ်မတော်ဆေးရုံ ပို့ပေးလိုက်ပါတယ်။”လို့ပြောပါတယ်။
မိတ္ထီလာအမှတ်(၂)ရဲစခန်းမှာ အမှုအမှတ် (ပ)၁၁၁/၂၀၁၇ ပြတ်ရှပြီး အန္တရာယ်ဖြစ်စေ သောလက်နက်ဖြင့် ပြင်းထန်ဒဏ်ရာရစေသော ရာဇသတ်ကြီး ပုဒ်မ-၃၂၆ နဲ့ အားပေးကူညီရာဇသတ်ကြီးပုဒ်မ-၁၁၄ တို့နဲ့ အမှုဖွင့် ထားပါတယ်။
သတင်း- မောင်မောင်လင်း(ဝမ်းတွင်း)