တိုက်ကြီးမြို့စွန်၌ ရေသွားကူးသည့် လူငယ်၂ ဦး ရေနစ်သေဆုံး
DVB
·
April 19, 2017
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် တိုက်ကြီးမြို့စွန်ဖက် အုတ်ပုံစုရပ်ကွက်ရှိ အုတ်ဖုတ်ဖို့ တူးဖော်ထားတဲ့ မြေချိုင့်ဟောင်းထဲမှာ ဒေသခံ လူငယ် သူငယ်ချင်း ၉ ယောက် ရေသွားကူးရာမှာ ၂ယောက်ရေနစ်သေဆုံးသွားတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကပြောပါတယ်။
ဧပြီ ၁၇ ရက်၊ နှစ်ဆန်း ၁ ရက်နေ့ ညနေ ၄ နာရီလောက်မှာ သေဆုံးသူ ၂ အပါအဝင် သူငယ်ချင်း ၉ ဦးတို့ဟာ အုတ်ဖုတ်ဖို့ တူးဖော်ထားတဲ့အလျားပေ ၂၀ ခန့်ရှိ မြေချိုင့်ဟောင်းအတွင်း ရေသွားကူးရာမှ ၇ ဦးမှာ ပြန်သာပြန်လာခဲ့ပြီး ဘူတာရပ်ကွက်နေ အောင်ပြည့်စုံ အသက် ၁၆ နှစ် နဲ့ အုတ်ပုံစုရပ်ကွက်၊ ဒေါနလမ်းနေ ဝေယံထက် တို့ ၂ ယောက် ရေကူးဖို့ ကျန်ရစ်ခဲ့ပါတယ်။
ညနေ ၆ နာရီခွဲလောက်မှာ သူငယ်ချင်း ၂ယောက်ပြန်မလာလို့ သွားပြန်ကြည့်ရာမှာ ရေနစ်သေဆုံးနေတာတွေ့ရလို့ မိဘတွေကိုပြန်ပြောပြပြီး သက်ဆိုင်ရာကို အကြောင်းကြားခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအ၀င် ဒုရဲအုပ်မင်းအောင်နဲ့ အဖွဲ့က သွားရောက်စစ်ဆေးကြည့်ရှုခဲ့တာပါ။
ရေနစ်သေဆုံးတဲ့ လူငယ် ၂ ဦးကို တိုက်ကြီးမြို့မစခန်းက သေမှုသေခင်းနဲ့ အမှုဖွင့်ထားပြီး ဓမ္မတာအတိုင်းသေဆုံးတာ ဟုတ်မဟုတ်ကို စစ်ဆေးနေတယ်လို့ တိုက်ကြီးမြို့မရဲစခန်းက ပြောပါတယ်။
သတင်း၊ဓာတ်ပုံ-မေသွယ်