သင်္ကြန်နားရက် ၁၀ ရက်ရရှိအောင် အထူးအစီအစဉ်ဆောင်ရွက်နေဟု သမ္မတရုံးထုတ်ပြန်
DVB
·
March 10, 2017
မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလ အစိုးရရုံးပိတ်ရက်ဟာ ၅ ရက်ဖြစ်ပေမယ့် ၀န်ထမ်းတွေ အနားယူ ကာလ ၁၀ ရက်တိတိ ရရှိခံစားနိုင်စေဖို့ အထူးအစီအစဉ်အဖြစ် စီစဉ်ဆောင်ရွက်ပေးနေတယ်လို့ နိုင်ငံတော် သမ္မတရုံးက မတ်လ ၉ ရက်နေ့က ကြေညာပါတယ်။
နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ နှစ်သစ်ကူးမှာ ရေကစားတာ၊ စေတီပုထိုးတွေမှာ ရေသပ္ပာယ်တာ၊ ကျောင်းကန်ဘုရားတွေမှာ ဥပုသ်သီတင်းဆောက်တည်တာ၊ ဘိုးဘွားမိဘတွေကို ကန်တော့တာနဲ့ အနားယူအပန်းဖြေနိုင်ဖို့ အတွက် ရုံးပိတ်ရက် ၁၀ ရက်ရရှိခံစားတဲ့နည်းတူ ရုံးပိတ်ရက် ၅ ဖြစ်ပေမယ့် အနားယူ ရက် ၁၀ ရက်ဖြစ်အောင် စီစဉ်ဆောင်ရွက်နေလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီအစီအစဉ်ဟာ အခုနှစ်အတွက်သာ အထူးအစီအစဉ်အဖြစ်ဆောင်ရွက်ပေးတာဖြစ်တယ် လို့လည်း ဆိုပါတယ်။
အစိုးရဝန်ထမ်းတွေအတွက် နားရက် ၁၀ ရက် ရအောင် အုပ်ချုပ်မှုနည်းလမ်းနဲ့ စီစဉ်ပေးမယ်လို့ သမ္မတရုံး ယာယီညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာရေးပါတယ်။
“သင်္ကြန်ပိတ်ရက် ၅ ရက်ဖြစ်ပါမယ်။ ဘဏ်ပိတ်ရက်၊ အစိုးရရုံးပိတ်ရက် ၅ ရက်ပဲ ဖြစ်ပါမယ်။ ဝန်ထမ်းတွေအတွက် ၁၀ ရက် ရအောင် အုပ်ချုပ်မှုနည်းလမ်းနဲ့ စီစဉ်ပေးပါမယ်။ ဒီနှစ်အတွက်ပဲ ဖြစ်ပါတယ်။ ကြိုတင်ပြီး စီစဉ်ထားတာတွေ မပျက်အောင် အထူးအစီအစဉ် လုပ်ပေးတဲ့သဘောပါ။ သင်္ကြန်ကာလ ရုံးပိတ်ရက် ၅ ရက်အဖြစ် အများပြည်သူရုံးပိတ်ရက် ပြင်ဆင်သတ်မှတ်ပါမယ်။ နောက်နှစ်တော့ မူလကတည်းက ၅ ရက်ပဲ ဖြစ်ပါမယ်။”
အရင်က သင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက် ၁၀ ရက်သတ်မှတ်ထားရှိခဲ့ရာမှာ ရုံးပိတ်ရက်၊ ဘဏ်ပိတ်ရက် ကာလရက်ရှည်ဖြစ်နေလို့ နိုင်ငံတကာနဲ့ ရုံးလုပ်ငန်းတွေဆက်သွယ်ဆောင်ရွက်ရာမှာ အခက်အခဲတွေဖြစ်ပေါ်တာ၊ သယ်ယူပို့ဆောင်ရေးနဲ့ ကုန်စည်စီးဆင်းမှုတွေ နှောင့်နှေးကြံ့ကြာ တာတွေရှိလို့ ၂၀၁၇ ရုံးပိတ်ရက်ကို ပြင်ဆင်သတ်မှတ်သင့်မသင့် ၀န်ကြီးဌာနတွေထံ အစိုးရက သဘောထားတောင်းခံခဲ့ပြီးနောက် ခုလို အစိုးရထုတ်ပြန်လိုက်တာဖြစ်ပါတယ်။