Home
မြန်မာသတင်း
လုပ်ပိုင်ခွင့်အာဏာရှိသူများ၏ ပိုင်ဆိုင်မှုကြေညာနိုင်ရန် ဆောင်ရွက်နေ
DVB
·
October 31, 2018
zh
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ၂၀၂၀ ခုနှစ်မှာ လုပ်ပိုင်ခွင့်အာဏာရှိသူတွေရဲ့ ပိုင်ဆိုင်မှုကြေညာဖို့ ထုတ်ပြန်ထားပြီး ဒါကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့ ဆွေးနွေးနေကြတယ်လို့  သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။ အောက်တိုဘာ ၂၉ ရက်နေ့က သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ နှစ်ပတ်တကြိမ် ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောတာပါ။ "အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကလည်း အဲဒါကိုတော်တော်လေး တွန်းနေတယ်။ အစိုးရဘက်ကလည်း သမ္မတကြီးရော၊ အတိုင်ပင်ခံရော အရမ်း တွန်းအားပေးပြီးတော့ ဒါတွေကို မြှင့်တင်ဆောင်ရွက်ဖို့ လုပ်တော့ ၂၀၂၀ လို့ မှန်းထားတာ" လို့ ဦးဇော်ဌေးက ပြောပါတယ်။ ပိုင်ဆိုင်မှုကြေညာနိုင်အောင် ဆောင်ရွက်နေတာမှာ လုပ်ပိုင်ခွင့်အာဏာရှိသူဆိုတဲ့ အဓိပ္ပာယ်ကို ဘယ်လို ရာထူးကနေ သတ်မှတ်မလဲဆိုတဲ့ ကိစ္စကိုလည်း ဆွေးနွေးနေကြတယ်လို့ ပြောပါတယ်။ "အဓိပ္ပာယ်ဖွင့်ဆိုချက်လိုတယ်။ Definition က လုပ်ပိုင်ခွင့်အာဏာရှိသူကို ဘယ်လို Define လုပ်မလဲ ဆိုတဲ့အပေါ်မှာ ဆွေးနွေးနေတယ်။ ဘာလဲဆိုတော့ ဥပမာ ညွှန်ချုပ်၊ ဒုညွှန်ချုပ်၊ ညွန်မှူး၊ ဒုညွန်မှူး၊ လက်ညွှန် စသည်ဖြင့်ပေါ့ အမျိုးမျိုးရှိနေတယ်။ ၂၀၂၀ ကျတော့ အဲလုပ်ပိုင်ခွင့် အာဏာရှိသူဆိုတာ သတ်မှတ်ချက်တခုလိုမယ်၊ လုပ်ပိုင်ခွင့်အာဏာရှိသူက လက်တွေ့မှာ မြေစာရင်းတို့ဘာတို့ သိပါလိမ့်မယ်။  မြေစာရင်းတို့ ဘာတို့ဆို ဟိုးအောက်ခြေမှာ လုပ်ပိုင်ခွင့်ရှိနေတယ်။ ပိုက်ဆံတွေ အများကြီးရနေတာတွေ ရှိနေတယ်။ ဒါမျိုးတွေပေါ့နော်။ အဲတော့ တကယ်တမ်း ဘယ်သူဘယ်ဝါကို ထိန်းချင်တာလဲ၊ ကျနော်တို့က တကယ့်မူနဲ့လုပ်မှရမယ်။ အဲဒါတွေလည်း အမြန်ဆုံးတော့ လုပ်နေပါတယ်" လို့ ဦးဇော်ဌေးက ပြောပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့မှာ ဦးစီးမှူးအဆင့်လောက်က လုပ်ပိုင်ခွင့်ရှိနေပေမယ့် ဗဟိုရုံး (၀န်ကြီးဌာနတွေ) လုပ်ပိုင်ခွင့်ရှိချင်မှ ရှိနေတာမျိုးတွေ ရှိနေသလို ရာထူးမရှိပေမယ့် လုပ်ပိုင်ခွင့်ရှိနေတဲ့သူတွေ ရှိနေတယ်လို့ ဆိုပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတ၊ ဒုသမ္မတတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်ထောင်စုလွှတ်တော် နာယကဆီကို ပေးပို့ထားရပြီး ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေအရ ၀န်ကြီး၊ ဒုဝန်ကြီးတွေ၊ တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီးချုပ်တွေ၊ ၀န်ကြီးတွေနဲ့ ပြည်ထောင်စုအဆင့် အဖွဲ့စည်းဝင်တွေရဲ့ ပိုင်ဆိုင်မှုကိုလည်း နိုင်ငံတော်သမ္မတဆီမှာ ပေးပို့ထားရ တာဖြစ်ပါတယ်။ နေဖြိုးဝင်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013