အများသုံး ချိုးရေတွင်းအတွင်း အမျိုးသားတဦး ရေနစ်သေဆုံး
DVB
·
February 10, 2017
ပဲခူးမြို့၊ ရပ်ကွက်ကြီး ၁၊ သီးသန့် ၂ လမ်းထိပ်ရှိ ရေတွင်းတခုအတွင်း ဖေဖော်ဝါရီ ၉ ရက် ညနေ ၅ နာရီလောက်က အမျိုးသားတဦး ရေနစ်သေဆုံးနေတယ်လို့ သိရပါတယ်။
သေဆုံးသူမှာ အသက် ၅၄ နှစ်ခန့်ရှိ ရပ်ကွက်ကြီး ၁၊ သီးသန့် ၄ လမ်းမှာ နေထိုင်သူ ဦးသန်းဝင်း ဖြစ်ပြီး ညနေ ၃ နာရီ လောက်က အိမ်ကထွက်သွားပြီး ပြန်မလာတဲ့အတွက် ဇနီးဖြစ်သူ လိုက်ရှာရာ သီးသန့် ၂ လမ်းထိပ်ရှိ အများသုံး ချိုးရေတွင်းအနီးမှာ ဦးသန်းဝင်း အမြဲစီးနေကျ ဖိနပ်ကို တွေ့လို့ ၀ိုင်းဝန်းရှာဖွေရာ ဦးသန်းဝင်းရဲ့ အလောင်းကို ရေတွင်းထဲမှ ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ပဲခူးမြို့၊ အမှတ် ၂ နယ်မြေ ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၃/၂၀၁၇ နဲ့ အမှုဖွင့်ကာ ရဲလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
အောင်စိုးမိုး(ပဲခူး)