ကျောင်းသားများကို စိတ်ကြွဆေးရောင်းသည့် ထိုင်းကျောင်းဆရာကို ဖမ်းဆီး (ရုပ်သံ)
DVB
·
February 9, 2017
ထိုင်းနိုင်ငံတောင်ပိုင်း ဆူရင်းခရိုင် ချွန်းဖွန်းပူရီမြို့နယ်ထဲမှာ ကိုယ့်ကျောင်းက ကျောင်းသားတွေကို ပြန်ပြီး စိတ်ကြွဆေးပြားရောင်းနေတဲ့ ကျောင်းဆရာတဦးကို ဖမ်းဆီးရမိတယ်လို့ workpointtv သတင်းဌာနမှာ ဖော်ပြပါတယ်။
ချွန်းဖွန်းပူရီမြို့ ဖိုင်းခလာရပ်ကွက်တွင်းရှိ အစိုးရစာသင်ကျောင်းတကျောင်းက အသက် ၄၉ နှစ်ရွယ်ရှိ နိုင်းဖိထတ် ဘွန်းလိုမ် ဆိုသူ ကျောင်းဆရာတဦးဟာ မူးယစ်ဆေးဝါးတွေပါ ရောင်းချနေကြောင်း သတင်းတွေ ထွက်ပေါ်နေတာကြောင့် ဝယ်သူအယောင်ဆောင်ပြီး ဖေဖော်ဝါရီလ ၈ ရက် မနက် ၈ နာရီက သူ့ကျောင်းမှာ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ဆူရင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ပရဖတ် ပီယမုံးခွန်းက သတင်းထောက်တွေကို ပြောပါတယ်။
တာဝန်ရှိသူတွေက အသက် ၁၅ နှစ်ရွယ် အထက်တန်းကျောင်းသားလေးတဦးကို ဘတ်ငွေ ၂၀၀ နဲ့ စိတ်ကြွဆေးပြား ၂ လုံး အဝယ်ခိုင်းပြီးတဲ့နောက် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း၊ အဆိုပါ ကျောင်းဆရာထံမှာလည်း နောက်ထပ်ရာဘ အလုံးရေ ၅၀ ထပ်မံစစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဒုရဲမှူးကြီးက ပြောပါတယ်။
ကျောင်းဆရာကလည်း သူဟာ စိတ်ကြွဆေးအလုံးရေ ၇၀ ဝယ်ယူခဲ့ပြီး တချို့ကို ကိုယ်တိုင်သုံးစွဲကာ တချို့ကို ရောင်းချခဲ့ကြောင်း၊ သူဟာ ကျောင်းဆရာလုပ်လာတာ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပြီး ရတဲ့လစာ မလောက်ငလို့ အခုလို စိတ်ကြွဆေးပါရောင်းချပြီး အပိုဝင်ငွေရှာတာလို့ ဖွင့်ဟဝန်ခံသွားပါတယ်။
တာဝန်ရှိသူမှ ကျောင်းဆရာကို ဆီးစစ်ကြည့်တာ အမှန်ဘဲ ခရမ်းရောင်ဖြစ်နေတာ တွေ့ရှိရကြောင်း၊ သာမန်လူတယောက်က မူးယစ်ဆေးရောင်းတာ ထိတ်လန့်စရာမဟုတ်ပေမယ့် ကျောင်းဆရာဖြစ်ပြီး အသက် ၁၅ နှစ်ရွယ်ကလေးကို ဆေးရောင်းပေးတာ အင်မတန်ထိတ်လန့်စရာကောင်းပြီး သူ့ကို မူးယစ်ဆေးဝါးသုံးစွဲမှု၊ အရွယ်မရောက်သေးတဲ့ ကလေးတွေကိုပါ မူးယစ်ဆေးရောင်းချမှုတွေနဲ့ အရေးယူသွားမယ်လို့ ရဲအရာရှိက ပြောသွားပါတယ်။