မြန်မာအလုပ်သမား ၅၀ ကျော်ပါသည့် ဘတ်စ်ကား အလောင်းတစ်ရာကွေ့တွင် တိမ်းမှောက်
DVB
·
January 26, 2017
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်ထဲမှာ ဒီကနေ့မနက် ၄ နာရီလောက်က မြန်မာအလုပ်သမား ၅၀ ကျော် စီးနင်းလိုက်ပါတဲ့ ဘတ်စ်ကားတစ်စီး မတော်တဆတိမ်းမှောက်ခဲ့ပြီး ၆ ဦး ဒဏ်ရာရသွား တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
အလုပ်သမားတွေဟာ မဲဆောက်ကနေ ထိုင်းနိုင်ငံအလယ်ပိုင်း ဆမွတ်ပရကန်ခရိုင်ဘက်ကို အလုပ်သွားလုပ်ဖို့ စင်းလုံးငှားလိုက်ပါလာကြတာဖြစ်ပြီး တာ့ခ်မြို့နယ် မဲ့ထော့ကျေးရွာအုပ်စု အပိုင် တောင်ပေါ်အတက်လမ်းမှာ မတော်တဆထိခိုက်မှု ကြုံခဲ့ရတာလို့ မဲ့ထော့ရဲစခန်းတာဝန်ရှိ ရဲတပ်ဖွဲ့ဝင်က သတင်းထောက်ကို ပြောပါတယ်။
ကားပေါ်မှာ မြန်မာအလုပ်သမားပေါင်း ၅၀ ကျော် စီးနင်းလိုက်ပါလာပြီး ၆ ဦးဒဏ်ရာရှိလို့ ကယ်ဆယ်ရေးယာဉ်တွေက တာ့ခ်ဆင်မဟာရတ်ဆေးရိုကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ယာဉ်မောင်းဖြစ်သူက အခင်းဖြစ်ပွားတဲ့နေရာဟာ မတ်စောက်တဲ့ တောင်ကုန်းအတက်လမ်းဖြစ်ပြီး စက်ကအပူလွန်လို့ ရုတ်တရက် ရပ်သွားတဲ့အခါ ဘရိတ်မအုပ်နိုင်တော့ဘဲ ၅ မီတာအနက်ရှိတဲ့ ချောက်ထဲကို ထိုးကျသွားတာလို့ ထွက်ဆိုပါတယ်။
အဆိုပါနေရာဟာ အကွေ့အကောက်များတဲ့ တောင်တက်လမ်းဖြစ်ပြီး မကြာခဏ ယာဉ်မတော်တဆဖြစ်ပွားတဲ့အတွက် ဒေသခံတွေက အလောင်းတစ်ရာကွေ့လို့ တင်စားခေါ် ဆိုကြောင်း၊ မတော်တဆထိခိုက်မှု ကျင်းဆင်းရေးအတွက် လမ်းတံတားဌာနက ၄ လမ်းသွားအဖြစ်တိုးချဲ့နေရာမှာ ဆောက်လုပ်ဆဲကာလ နေ့စဉ် မနက် ၉ နာရီမှ ၉ နာရီ ၄၅ မိနစ်ထိ စက်ယန္တရားတွေနဲ့ တောင်ကို ဖြိုချနေတာကြောင့် ယာဉ်အသွားအလာတွေ သတိထားကြဖို့ တာဝန်ကျရဲအရာရှိက ပြောသွားပါတယ်။