Homeမြန်မာသတင်း
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံရောက်ရှိ၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမပြည့်စုံသေးဟုဆို
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံရောက်ရှိ၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမပြည့်စုံသေးဟုဆို
DVB
·
January 20, 2017
ဗြိတိန်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်ဟာ ဒီကနေ့မွန်းလွဲပိုင်းက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အထူးလေယာဉ်နဲ့ ရောက်ရှိလာတယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဗြိတိန်နိုင်ငံခြားဝန်ကြီးဟာ ဇန်န၀ါရီ ၂၀ ရက်ကနေ ၂၂ ရက်ထိ မြန်မာနိုင်ငံကို နှစ်ရက်ကြာ တရားဝင်ခရီးစဉ်အဖြစ်လာရောက်တာဖြစ်ပြီး မြန်မာနိုင်ငံခြားရေးဒုဝန်ကြီး ဦးကျော်တင်နဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေ သွားရောက်ကြိုဆိုခဲ့တယ်လို့ဆိုပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်ဟာ နေပြည်တော်မှာ နိုင်ငံတော်အတိုင်ခံပုဂ္ဂိုလ် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ အစိုးရက အားထုတ်ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို အားပေး ထောက်ခံဖို့ ရှိတယ်လို့ ဗြိတိန်နိုင်ငံခြားရေးရုံးက ထုတ်ပြန်ထားပါတယ်။
မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးဟာ မပြီးပြည့်စုံသေးဘူးလို့ ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးက သတင်းထုတ်ပြန်ချက်မှာပြောပါတယ်။
“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအပြောင်းအလဲက မပြည့်စုံသေးဘူး မပြီးဆုံးသေးပါဘူး၊ ဒါပေမယ့် လွန်ခဲ့တဲ့ ၉ လ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (အန်အယ်လ်ဒီ) အာဏာလွှဲပြောင်းယူချိန်ကစပြီး မြန်မာနိုင်ငံမှာ ထိုက်တန်တဲ့ လက္ခဏာတွေ ရလဒ်တွေ မြင်ရပါတယ်” လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
မြန်မာပြည်မှာ ငြိမ်းချမ်းရေးအစပျိုးလုပ်ဆောင်နေတာ၊ ရခိုင်အရေးဖြေရှင်းဖို့ ကိုဖီအာနန်ခေါင်းဆောင်တဲ့ ကော်မရှင်ဖွဲ့စည်းခဲ့တာနဲ့ နိုင်ငံရေးအကျဉ်းသား ၃၀၀ ကျော်လွှတ်ပေးခဲ့တာတွေဟာ အပေါင်းလက္ခဏာ ဆောင်တဲ့ ခြေလှမ်းတွေဖြစ်တယ်၊ ဒါပေမယ့် စိန်ခေါ်မှုတွေအများကြီး ကျန်ရှိနေသေးပြီး ပြုပြင်ပြောင်းလဲရေး အပြည့်အ၀လုပ်ဖို့ အချိန်ယူရလိမ့်ဦးမယ်၊ မြန်မာနိုင်ငံနဲ့ ရေရှည်လက်တွဲလာတဲ့ မိတ်ဆွေနိုင်ငံဖြစ်တဲ့ ဗြိတိန်နိုင်ငံအနေနဲ့ ဆက်ပြီး ထောက်ပံ့မှုတွေ အပြည့်အဝပေးသွားမယ်လို့လည်း ဘောရစ်ဂျွန်ဆင်ကပြောပါတယ်။
၅ နှစ်အတွင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး တစ်ဦးရဲ့ မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် အလည် အပတ်ခရီးစဉ်မှာ ဝန်ကြီးအနေနဲ့ နေပြည်တော်မှာ ကာကွယ်ရေးဝန်ကြီးနဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။
ရန်ကုန်မှာ ရခိုင်ကော်မရှင်အဖွဲ့ ၀င်တွေ အရပ်ဖက်အဖွဲ့အစည်းတွေ ခေါင်းဆောင်တွေ တိုင်းရင်းသားအုပ်စုတွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအကြောင်းဆွေးနွေးမှာဖြစ်ပြီး မြန်မာနဲ့ ဗြိတိန် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ လည်းတွေ့ဖို့ရှိသလို ရွှေတိဂုံဘုရားနဲ့ ရန်ကုန်ဆေးရုံကြီးကိုလည်း သွားဖို့ရှိနေပါတယ်။