ရခိုင်ပြည်နယ်အကြံပေးကော်မရှင်ကို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ကြိုဆိုထောက်ခံ
DVB
·
September 13, 2016
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန် ခေါင်းဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ကြိုဆိုထောက်ခံတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်က ပြောကြားလိုက်ပါတယ်။
လန်ဒန်မြို့မှာ ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက မနေ့မွန်းလွဲပိုင်းက Lancaster House မှာ တွေ့ဆုံစဉ် ပြောကြားခဲ့တာဖြစ်ပါတယ်။
တွေ့ဆုံရာမှာ မြန်မာအစိုးရသစ်ရင်ဆိုင်နေရတဲ့ ကနဦး ဦးစားပေးတာဝန်တွေနဲ့ စိန်ခေါ်မှုတွေကို ဆွေးနွေးခဲ့ကြပြီး ယူကေအနေနဲ့ မြန်မာပြည်ရဲ့ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးကို အားပေး ထောက်ခံဖို့ ထပ်လောင်းကတိပေးပြောကြားခဲ့တယ်လို့ ဗြိတိန်နိုင်ငံခြားရေးရုံးက သတင်းထုတ်ပြန်ပါတယ်။
ဗြိတိန်အနေနဲ့ မြန်မာပြည်ရဲ့ အံ့မခန်းထူးခြားတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အားပေးကူညီ သွားမယ်လို့ ဆက်ကတိပေးတယ်၊ အရှေ့တောင်အာရှနဲ့ ဒီပြင်တခြားဒေသတွေမှာပါ တည်ငြိမ် အေးချမ်းလုံခြုံရေးကို ပံ့ပိုးပေးနိုင်တဲ့ ဒီမိုကရေစီနည်းကျ တည်ငြိမ်ချမ်းသာကြွယ်ဝတဲ့ မြန်မာပြည် ဖြစ်ဖို့ ကြိုဆိုအားပေးတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်က ပြောပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း မြန်မာပြည်ရဲ့ ပထမဆုံး အရပ်သား အစိုးရဖွဲ့စည်းနိုင်တဲ့အပေါ် ဂုဏ်ယူတဲ့အကြောင်း ဒေါ်အောင်ဆန်စုကြည်ကို ကိုယ်တိုင်ကိုယ်ကျပြောကြားခဲ့တယ်၊ မြန်မာပြည်ရဲ့ ဒီမိုကရေစီအသွင်းကူးပြောင်းရေးဟာ သမိုင်းဝင်အောင်မြင်မှုဖြစ်တယ်၊ မြန်မာပြည်သူတွေရဲ့ သတ္တိနဲ့ စွန့်လွှတ်မှုတွေဟာ စစ်အာဏာရှင်စနစ်ကနေ ပိုမိုတာဝန်ခံမှုရှိတဲ့ အရပ်သားဒီမိုကရေစီ အစိုးရဆီ ပြောင်းလဲ စေခဲ့တယ်လို့ လည်းပြောပါတယ်။
ဒါ့အပြင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီးလည်း နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံရာမှာ ဆွေးနွေး ပြောဆိုခဲ့တယ်လို့ ဗြိတိန်ဘက်က သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံခြားရေးဌာနကတော့ မြန်မာနိုင်ငံမှာ ဗြိတိန်စီးပွားရေးလုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံမှု ပိုမိုပြုလုပ်နိုင်မယ့် အခွင့်အလမ်းတွေ၊ စိုက်ပျိုးရေး၊ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေမှာ ပူးပေါင်း ဆောင်ရွက်မှုတွေ မြှင့်တင်ဖို့ နွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ နယူးယောက်မြို့မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တက်ရောက်မိန့်ခွန်းပြောကြားဖို့ ဗြိတိန်နိုင်ငံကနေ ဒီကနေ့ အမေရိကန် ပြည်ထောင်စုကို ဆက်လက်ထွက်ခွာမှာဖြစ်ပါတယ်။