ကော့သောင်းတွင် ယာဉ်တိမ်းမှောက်၊ မူလတန်းကျောင်းသူ ၃ ဦးအပါအ၀င် ၄ ဦးသေဆုံး
DVB
·
January 20, 2017
တနင်္သာရီတိုင်း ကော့သောင်း-ဘုတ်ပြင်းကားလမ်းမှာ ဇန်န၀ါရီ ၁၉ ရက် ညနေပိုင်းက ယာဉ်တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်ပါ မူလတန်းကျောင်းသူ ၃ ဦးနဲ့ လမ်းမှာရပ်နေသူ ၁ ဦးတို့ သေဆုံးသွားပါတယ်။
ကော့သောင်း-ဘုတ်ပြင်းကားလမ်းမှာ ကျောက်တင် ၆ ဘီးကားတစ်စီးဟာ မိုင်တိုင်အမှတ် ၂၂၄/၇ ကုန်းဆင်းအရောက် တဖက်ယာဉ်ကြောက မောင်းနှင်လာတဲ့ ယာဉ်တစီးကို ရှောင်တိမ်းရင်း အရှိန်မထိန်းနိုင်ဘဲ လမ်းပေါ်မှာ စက်ပျက်လို့ ရပ်ထားတဲ့ ဒဂုံတင်းဘားဆီအုန်း ကုမ္ပဏီယာဉ် ကားရှေ့မှာ ရပ်နေသူတဦးကို တိုက်မိပြီး လမ်းဘေးထိုးကျ တိမ်းမှောက်ခဲ့တာပါ။
ယာဉ်တိုက်မှုကြောင့် လမ်းပေါ်ရပ်နေတဲ့ ကိုသူရ၊ မူလတန်းကျောင်းသူတွေဖြစ်တဲ့ မစန်းစန်းမြင့်၊ မဇင်ဇင်ထွေးနဲ့ မသက်ထားဝေတို့ သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၃ ဦးကို ဆေးရုံ တင်ပို့ထားရတယ်လို့ သိရပါတယ်။
ကော့သောင်း မြို့မရဲစခန်းက ယာဉ်မောင်းဇော်လင်းထွန်းကို နေအိမ်မှာ ဖမ်းဆီးရမိခဲ့ပြီး အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - လတ်ကိုကိုဦး