Home
ဆောင်းပါး
အေးခဲလွန် ရာသီဥတုထဲက ရွှေ့ပြောင်းဒုက္ခသည်တို့ ဘဝ
DVB
·
January 16, 2017
SoeNyalin16012017
  ဂရိနိုင်ငံကနေ ဟန်ဂေရီနိုင်ငံတွေအထိ ရှိနေကြတဲ့ ပစ္စည်းပစ္စယ ချို့ယွင်းလှတဲ့ ဒုက္ခသည်စခန်းတွေထဲမှာ ပိတ်မိနေကြတဲ့ သောင်းနဲ့ချီတဲ့ ဒုက္ခသည်မိသားစုတွေဟာ အေးခဲလွန် အပူချိန်နဲ့ ရက်ရက်စက်စက် အေးမြတဲ့လေဒဏ်ကြောင့် အန္တရာယ်ရှိတဲ့အခြေအနေကို ခံစားရင်ဆိုင်နေကြရတယ်လို့ အကူအညီပေးအဖွဲ့တွေက ဆိုပါတယ်။ ကလေးတွေ အပါအဝင် ဖြစ်တဲ့ အဲဒီဒုက္ခသည်တွေဟာ ဥရောပတခွင်မှာ ကျရောက်နေတဲ့ သိပ်သည်းတဲ့ ဆီးနှင်းဒဏ်နဲ့ ပြင်းထန်လွန်းတဲ့ ဆောင်းလေတိုက်ခတ်မှုဒဏ်တွေကြောင့် ဆီးနှင်းကိုက်ရောဂါတွေကို ခံစားရနိုင်တဲ့ အန္တရာယ်မှာ ကျရောက်နေသလို ကိုယ်အပူချိန် ကျဆင်းလွန်းတဲ့ အန္တရာယ်ကိုလည်း သတိပေးထားခဲ့ပါတယ်။ ဒီပြင်းထန်လွန်းတဲ့ ရာသီဥတုဟာ လူ့အဖွဲ့အစည်းတွေကို အထီးတည်းဖြစ်သွားစေသလို လျှပ်စစ်ဓာတ်အားနဲ့ ရေကို ပြတ်တောက်သွားစေခဲ့ပါတယ်။ မြစ်တွေနဲ့ ရေကန်တွေကို အေးခဲသွားစေသလို လေယာဉ်တွေကိုလည်း ကွင်းက တက်မရအောင်နဲ့ မတော်တဆ ထိခိုက်မှုတွေကိုလည်း ဖြစ်ပွားစေခဲ့ပါတယ်။ ဒီအခြေအနေကို ဥရောပတိုက်တလွှားက နိုင်ငံပေါင်း ၁၂ နိုင်ငံလောက်မှာ ကြုံတွေ့နေတာ ဖြစ်ပါတယ်။ အီရန် အမျိုးသား ၂ ယောက်နဲ့ ဆိုမာလီ အမျိုးသမီးတယောက်ကတော့ တူရကီကနေ ဥရောပထဲ ဖြတ်ဝင်အပြီး ဘူလ်ဂေးရီးယားနိုင်ငံ တောင်တန်းတွေထဲမှာ အအေးဒဏ်ကြောင့် သေဆုံးခဲ့ရတယ်လို့ ပုလိပ်အဖွဲ့က အတည်ပြု ပြောကြားခဲ့ပါတယ်။ ဂရိနိုင်ငံက နွေရာသီခရီးသွား လက်စ်ဘော့စ်ကျွန်းပေါ်က မိုရီယာစခန်းမှာလည်း ရွှေ့ပြောင်းနေထိုင်သူ ၄၀၀၀ ကျော်ဟာ အပူဓာတ်ပေးမထားတဲ့ ကုန်သေတ္တာတွေနဲ့ အောက်က တဲတွေထဲမှာ ပြွတ်သိပ်နေထိုင်နေကြရပါတယ်။ သူတို့အနေနဲ့ တခြားရွေးချယ်စရာစရာမရှိတဲ့ အခြေအနေလို့ ပြောရမယ် ထင်ပါတယ်။ နယ်ခြားမဲ့ ဆရာဝန်များအဖွဲ့လို့ သိကြတဲ့ MSF အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒင်နီယယ်လ် ဘာနေးက အင်ဘီစီသတင်းဌာနကို “မနေ့ကဆို ကျွန်းပေါ်မှာ နှင်းတွေ အကြီးအကျယ်ကျပြီး လေကလည်း အရမ်းတိုက်နေခဲ့တယ်လေ။ လူတွေက အစားအစာအတွက် အပြင်ထွက်ကြရတယ်။ ပတ်ဝန်းကျင်က စိုစွတ်ပြီး အေးစက်နေတော့ သူတို့တွေ အနွေးဓာတ်ရဖို့က မဖြစ်နိုင်သလောက်ပဲ။ သူတို့မှာ အဝတ်ခြောက်တွေ၊ စောင်အခြောက်တွေကလည်း မရှိတော့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ၊ ကိုယ်အပူချိန် အကျလွန်တဲ့ ရောဂါတွေရဖို့ အန္တရာယ်ရှိနေကြတာပေါ့ဗျာ” လို့ ပြောကြားခဲ့ပါတယ်။ နောက်ထပ် ကလေးတွေနဲ့ မိသားစုတွေ ပါဝင်တဲ့ ရွှေ့ပြောင်းနေထိုင်သူ ၁၀၀၀ လောက်ဟာလည်း ကာရာတိပ်က ကျွန်းပေါ်မှာရှိတဲ့ သေတ္တာပြားအိမ်ကလေးတွေမှာ နေထိုင်နေကြရပြီး အခြေအနေက နည်းနည်းသာတယ်လို့ ပြောရမှာဖြစ်ပေမယ့် အအေးဒဏ်က လုံးဝ အကာအကွယ်မပေးနိုင်တာကတော့ သေချာပါတယ်လို့ သူက ဆက်ပြောပြခဲ့ပါတယ်။ မိသားစု အများစုကတော့ နွေရာသီကာလကတည်းက လက်စ်ဘော့စ်မှာ ပိတ်မိနေကြပြီး သူတို့ကို ခိုလှုံခွင့်ပြုပေးမှာ၊ ဂရိနိုင်ငံကို သင်္ဘောနဲ့ ပို့ပေးမှာကို စောင့်နေကြတာလို့ ဆိုပါတယ်။ ဒါမှမဟုတ်လည်း ဥရောပသမဂ္ဂနဲ့ တူရကီတို့ သဘောတူညီထားခဲ့တဲ့အတိုင်း တူရကီကို ပြန်ပို့ပေးမှာကို စောင့်နေကြတာလည်း ဖြစ်ပါတယ်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီကတော့ ပြီးခဲ့တဲ့ သောကြာနေ့က ဂရိအာဏာပိုင်တွေကို ဒီအေးခဲလွန်အချိန်ကာလအတွင်း မိသားစုတွေကို ပြန်ပြီး နေရာချထားပေးတာကို အမြန်လုပ်ပေးဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။ ဆာဘီးယားမှာလည်း ဆီးနှင်းတွေနဲ့ အေးခဲနေတဲ့ ဒေသ ၁၁ ခုကို အရေးပေါ်အခြေအနေ ကြေညာပေးခဲ့ပြီး ခန့်မှန်းခြေ ၇၀၀၀ လောက်ရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ မြေထဲပင်လယ်ဒေသကနေ ဂျာမနီနဲ့ ပြင်သစ်ကိုသွားဖို့ သူတို့ အကျွမ်းတဝင်ရှိတဲ့ ဘောလ်ကန်လမ်းကြောင်းကနေ သွားဖို့ ကြိုးစားနေတဲ့အချိန်မှာ စွန့်ပစ်ခံထားရသလို ဖြစ်နေခဲ့ပါတယ်။ တချို့ကလေးသူငယ်တွေ အပါအဝင် ဒါဇင်နဲ့ချီတဲ့ အာရှ၊ အာဖဂန်နဲ့ ပါကစ္စတန် ရွှေ့ပြောင်းနေထိုင်သူတွေဟာ ဆာဘီးယားမြောက်ပိုင်းနယ်စပ်ရဲ့ သုညဒီဂရီအောက် ၄ ဒီဂရီလောက် နိမ့်ကျအောင် အေးခဲနေတဲ့ ရာသီဥတုအောက်မှာ အဖြစ်ဆောက်ထားတဲ့ တဲကလေးတွေထဲမှာ အုပ်စုဖွဲ့ နေထိုင်နေကြရပါတယ်။ တကယ်တော့ ဒုက္ခသည်စခန်းတွေမှာ အမျိုးတွေနဲ့ ကလေးတွေနဲ့ပဲ ပြည့်သိပ်နေကြတာပါ။ သူတို့ရဲ့ ယောက်ျားသားတွေက သူတို့တတ်နိုင်တဲ့နေရာတွေမှာ ခိုလှုံရာရှာဖို့ ထွက်သွားခဲ့ကြရတဲ့ အခြေအနေ ဖြစ်ပါတယ်။ တချို့ကတော့ ရေခဲကိုက်ခံခဲ့ကြရတဲ့အတွက် ကုသမှု ခံယူနေကြရပါတယ်။ တကယ်တော့ ၁၅၀၀ ပတ်ဝန်းကျင်လောက်ရှိနေတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ ဗဟိုဘဲလ်ဂရိတ်မှာရှိတဲ့ စွန့်ပစ်ထားတဲ့ သိုလှောင်ရုံတွေထဲမှာ ခိုလှုံနေကြရတာဖြစ်ပြီး သိုလှောင်ရုံတခုမှာတော့ ရာနဲ့ချီတဲ့ အဓိကအာဖဂန်တွေဖြစ်တဲ့ ယောက်ျားတွေဟာ အင်္ဂတေကြမ်းခင်းပေါ်မှာပဲ အိပ်ကြရတာဖြစ်ပြီး အပူဓာတ်အတွက်ကတော့ သူတို့ကို မီးခိုးမည်းမည်းတွေနဲ့ မွှန်ထွန်မွန်းကျပ်စေတဲ့ ပလတ်စတစ်အမှိုက်တွေကိုပဲ မီးရှို့ပြီး နွေးထွေးမှု ရယူနေကြရတာပါ။ အသက် ၂၂ အရွယ် အာဖဂန်လူငယ် ဆလင်းမ် ရှီနူရာရီက “သိပ်ပြီးအေးတယ်ဗျာ။ ဒီမီးကို ကျနော်တို့ လိုတယ်ဗျ။ လူသားချင်း စာနာထောက်ထားမှု လုပ်သားတွေက ကျနော်တို့ကို စားစရာတွေ ပေးကြပါတယ်။ ဒါပေမယ့် အထဲမှာတော့ အေးတယ်လေ” လို့ ပြောပြပါတယ်။ လွန်ခဲ့တဲ့နှစ်က ဟန်ဂေရီနိုင်ငံက ခိုလှုံခွင့် တောင်းခံလွှာ ၃၀၀၀၀ ကို မှတ်ပုံတင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီအထဲက တဝက်လောက်တောင်မရှိတဲ့ အရေအတွက်ကိုပဲ ဒုက္ခသည်အဖြစ် လက်ခံခဲ့တာပါ။ ဒါ့အပြင် ၂၀၀၀၀ နီးပါးက နှိပ်စက်ညှဉ်းပန်းသလို ဖြစ်နေတဲ့ တာဝန်ရှိသူတွေရဲ့ လုပ်ငန်းစဉ်တွေကြောင့် သူတို့ရဲ့ ခိုလှုံခွင့်တောင်းမှုကို စွန့်လွှတ်ခဲ့ကြပြီး တရားမဝင် ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြပါတယ်။ အသက် ၃၀ အရွယ် အာဖဂန်နစ္စတန်က ဘာဟမ်းဇာဒရန်း ဆိုသူ ပြောပြတာကတော့ ဘဲလ်ဂရိတ်က ယောက်ျားအတော်များများ နယ်စပ်ကို ဖြတ်ကျော်ဖို့ တပတ်ကို ၁ ခါ၊ ၂ ခါလောက် သွားကြလေ့ရှိပြီး ဟန်ဂေရီကို ဝင်ပြီးတယ်ဆိုရုံနဲ့လည်း မလုံလောက်သေးဘဲ နယ်စပ်ကနေ ၅ မိုင်အတွင်း ဖမ်းမိတဲ့သူတွေဟာ ပြန်ပို့ပစ်တာ ခံခဲ့ကြရတယ်လို့ ဆိုပါတယ်။ ပါကစ္စတန်နိုင်ငံသား ကာရှစ်ဖ်ရာဇာကတော့ “ပင်ဆေဗိုစခန်းမှာ ၅ လ ကြာတဲ့အထိ စောင့်နေခဲ့ရလို့ ကျနော် နယ်စပ်ကို တရားမဝင်ဖြတ်ကျော်ခဲ့တယ်လေ။ ကျနော်တယောက်တည်း နယ်စွန်နယ်ဖျားမှာ အစာငတ်ရေငတ်နဲ့ ၆ ရက် နေခဲ့ရတယ်ဗျာ။ နောက်တော့ ကျနော် တခုခု စားခဲ့ရပါတယ်။ ကျနော်က လမ်းပေါ်တက်ပြီး ပုလိပ်တွေဆီမှာ အဖမ်းခံလိုက်လို့လေ” လို့ သူ့အတွေ့အကြုံကို ပြန်ပြောပြခဲ့ပါတယ်။ ဒီလို ရွှေ့ပြောင်းနေထိုင်သူတွေ ဒုက္ခရောက်နေတဲ့ အချိန်မျိုးမှာ လူမှောင်ခိုသမားတွေကလည်း အခက်အခဲရှိခဲ့ကြတာပါပဲ။ ဂျာမနီတောင်ပိုင်းမှာ လူမှောင်ခိုသမားတယောက်က ကလေးငယ် ၅ ယောက်အပါအဝင် ရွှေ့ပြောင်းနေထိုင်ချင်သူ ၁၉ ယောက်ကို အမြန်လမ်း အနားယူယာဉ်ရပ်နားရာနေရာတခုမှာ ထားပစ်ခဲ့တာကို ပုလိပ်အဖွဲ့က တွေ့ရှိခဲ့တယ်လို့ တနင်္ဂနွေနေ့က ပြောပါတယ်။ သူတို့ဟာ သြစတြီးယားနယ်စပ်နားက ဘရင်းနင်းဘတ်ဂ်မှာ ပစ်ထားခံခဲ့ရတာဖြစ်ပြီး အရေးပေါ် ဝန်ဆောင်မှုပေးသူတွေက သူတို့ကို ကယ်တင်လိုက်နိုင်တဲ့အချိန်မှာ အပူချိန်က သုညဒီဂရီအောက် ၄ ဒီဂရီလောက်ပဲရှိတယ်လို့ ဆိုပါတယ်။ ဥရောပကို ဝင်ရောက်ဖို့ ကြိုးစားနေကြတဲ့ ရွှေ့ပြောင်းနေထိုင်လိုသူတွေ အများကြီးရှိနေပေမယ့် ၂၀၁၆ ခုနှစ်မှာ ဥရောပကို ဝင်ရောက်လာခဲ့တဲ့ ရွှေ့ပြောင်းနေထိုင်သူ အရေအတွက်ဟာ လွန်ခဲ့တဲ့နှစ်ကထက်စာရင် ၃ ပုံ ၂ ပုံ ၃၆၄၀၀၀ အထိ ကျဆင်းသွားခဲ့တယ်လို့ ဥရောပသမဂ္ဂ နယ်စပ်ဒေသ အေဂျင်စီဖြစ်တဲ့ ဖရန်းတက်ဆ်ခ်က ဆိုပါတယ်။ အဲဒီလိုကျဆင်းသွားရတဲ့ အဓိကအကြောင်းရင်းကတော့ ဥရောပသမဂ္ဂနဲ့ တူရကီ နှစ်နိုင်ငံကြား သဘောတူညီမှုအရ အတော်များများကို တူရကီကို ပြန်ပို့ပေးနေတဲ့အတွက် ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရှေ့အလယ်ပိုင်းဒေသနဲ့ တခြားဒေသတွေက ဥရောပကို ရွှေ့ပြောင်းနေထိုင်လိုသူတွေကတော့ ကြိုးစားနေကြဆဲ ဖြစ်တယ်လို့ ပြောရမှာပါပဲ။ အရင်နှစ်ကထက် လျော့ကျသွားတယ်ဆိုပေမယ့် ရွှေ့ပြောင်းနေထိုင်လိုသူတွေကတော့ သူတို့နိုင်ငံတွေမှာ ရှိနေတဲ့ နိုင်ငံရေး၊ စီးပွားရေး အခြေအနေတွေအရ နှိုင်းယှဉ်မှုအရ သာလွန်ကောင်းမွန်တဲ့ အခြေအနေရှိတဲ့ ဥရောပနိုင်ငံတွေမှာ သွားရောက်နေထိုင်ချင်ကြတာဟာ မဆန်းလှသလို လွန်တယ်လို့လည်း ပြောဖို့မသင့်ပါဘူး။ လူတွေဟာ ရှေးနှစ်ပေါင်းများစွာကတည်းက ရေကြည်ရာ မြက်နုရာကို ရှာဖွေပြီး ရွှေ့ပြောင်းနေထိုင်ခဲ့ကြတဲ့ သတ္တဝါတွေ ဖြစ်တယ်ဆိုတာကို သမိုင်းထင်ရှားရှိခဲ့ပြီး ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ဟာ လူသားတွေပါ။ သူတို့ကို စာနာထောက်ထား နားလည်ပေးရပါမယ်။ ကူညီပေးရပါမယ်။ ဒါဟာ ကမ္ဘာပေါ်မှာရှိတဲ့ လူသားစိတ်ရှိတဲ့လူတိုင်းရဲ့တာဝန် ဖြစ်ပါတယ်။ စကားစပ်အရ…. ဥရောပမှာတင် ရွှေ့ပြောင်းနေထိုင်သူတွေ ဒုက္ခသည်တွေရှိတာ မဟုတ်ပါဘူး။ ကျနော်တို့ မြန်မာနိုင်ငံဆိုရင် ဒုက္ခသည်အများဆုံး ထုတ်လုပ်ရာနိုင်ငံလို့တောင် ပြောစမှတ်ရှိခဲ့တာကို လေ့လာသိမီသူတွေ သိရှိခဲ့ကြပြီး ဖြစ်မှာပါ။ ဒါပေမယ့် စစ်အာဏာရှင်အဆက်ဆက်က ဖိစီးနှိပ်စက်ခံခဲ့ရတဲ့ တိုင်းရင်းသားလူမျိုးစုတွေဟာ ခု လူထုအစိုးရ၊ ဒီမိုကရေစီအစိုးရလို့ ပြောနေတဲ့ အမျိုးသားဒီမိုကရေစီအစိုးရလက်ထက်မှာ ပိုပြီးဖိနှိပ်ခံရ၊ ဒုက္ခသည် ပိုပြီးဖြစ်နေကြရတာကတော့ အလွန်အရုပ်ဆိုးတဲ့ကိစ္စလို့ ပြောရမှာပါ။ ဥရောပက ရွှေ့ပြောင်းနေထိုင်သူတွေ၊ ဒုက္ခသည်တွေတင် ဆောင်းရာသီရဲ့ အအေးဒဏ်ကို ခံစားနေရတာ မဟုတ်ပါဘူး။ ကျနော်တို့နိုင်ငံက ကချင်၊ ရှမ်းနဲ့ ရခိုင်တိုင်းရင်းသားဒုက္ခသည်တွေလည်း ဒီလိုမျိုးဒုက္ခတွေကို ခါးစည်းခံစားနေရတယ် ဆိုတာကို ကျနော်တို့နိုင်ငံက ဒီမိုကရေစီအစိုးရလို့ ကိုယ့်ကိုယ်ကိုယ် အမည်တပ်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရအနေနဲ့ သတိပြုဖို့လိုပါတယ်။ ရှိနေတဲ့ တာဝန်ရှိမှုကို နားလည်ထမ်းဆောင်ပေးဖို့ လိုပါတယ်။ မလုပ်နိုင်ရင်လည်း ကျမတို့ စစ်တပ်ကို ကျော်လို့မရပါဘူး၊ လုပ်ချင်တိုင်းလုပ်လို့ မရပါဘူးလို့ ပွင့်ပွင့်လင်းလင်းပြောဖို့ လိုပါတယ်။ ပြည်သူတွေကို မညာပါနဲ့၊ မလှည့်စားပါနဲ့လို့ ပြောပါရစေ။ ဒီသတင်းအချက်ကိုသာ ပေးပါ။ ပြည်သူတွေက ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ပါတယ်လို့ပဲ ပြောပါရစေ။     စိုးနေလင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024