တရားမ၀င်သစ် သွားရောက်ဖမ်းဆီးသည့် သစ်တောဝန်ထမ်များ၏ ဆိုင်ကယ် ၃ စီး မီးရှို့ဖျက်ဆီးခံရ
DVB
·
January 15, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့နယ်၊ ကန်ပေါက်တောကျေးရွာ အရှေ့ဘက် ဘူးတောင်ကြိုးဝိုင်း တောစပ်မှာ တရားမဝင်ကျွန်းခွဲသားတွေ သွားရောက်ဖမ်းဆီးစဉ် သစ်တောဝန်ထမ်းတွေစီးလာတဲ့ ဆိုင်ကယ် ၃ စီး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ကောလင်းမြို့နယ်သစ်တောဦးစီးအရာရှိ ဦးချစ်လှိုင်က ပြောပါတယ်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၃ ရက်နေ့နံနက် ၁၀ နာရီ ၁၅ မိနစ်က ကောလင်းမြို့နယ် သစ်တောဦးစီးဌာနက ၀န်ထမ်း ၅ ဦး၊ သစ်တောရဲတပ်ဖွဲ့က ၂ ဦး နဲ့ ကျေးရွာတာဝန်ရှိသူတွေ အရှေ့ဘက်ဘူးတောင်းကြိုးဝိုင်း တောစပ်မှာ ဆိုင်ကယ်တွေထားပြီး တရားမဝင်သစ်ရှာဖွေဖမ်းဆီးစဉ် မီးရှို့ဖျက်ဆီးခံခဲ့ရတာပါ။
တာဝန်ရှိသူတွေဟာ ကျောက်တန်းဘိနယ်၊ ကန်ပေါက်တောကျေးရွာ ငှက်ပျောတောချောင်းဘေး ယာတဲမှာ တရားမဝင်ကျွန်းခွဲသား ၂၄ ချောင်း၊ ပျဉ်းကတိုးခွဲသား ၃၇ ချောင်း၊ ယမနေခွဲသား ၃၂ ချောင်းကို ဖမ်းဆီးရမိခဲ့ပြီး ညနေ ၄ နာရီခွဲအချိန် ပြန်အလာ တောစပ်မှာထားရှိခဲ့တဲ့ KENBO အမျိုးအစား ဆိုင်ကယ် ၂ စီးနဲ့ YINXIANG အမျိုးအစား ၁ စီးတို့ မီးရှို့ဖျက်ဆီးခံထားရတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကောလင်းမြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦချစ်လှိုင်က ပြစ်မှုကျူးလွန်သူတွေကို အရေးယူဆောင်ရွက်သွားနိုင်ရေး ကောလင်းမြို့မရဲစခန်းမှာ အမှုဖွင့်သွားမယ်လို့ ဆိုပါတယ်။
ကိုကိုလင်း (အင်းတော်)