ကလေးမြို့တွင် တားမြစ် စားသုံးကုန်ပစ္စည်းများ ရောင်းချပါ အရေးယူမည်
DVB
·
January 14, 2017
တားမြစ်ထားတဲ့ စားသုံးကုန်ပစ္စည်းတွေကို ရောင်းချခြင်း မပြုလုပ်ကြဖို့နဲ့ ရောင်းချပါက အရေးယူသွားမယ်လို့ ကလေးခရိုင် စားသုံးသူရေးရာ ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးငြိမ်းက ပြောပါတယ်။
“ကလေးမြို့၊ မြို့မဈေး၊ တာဟန်းဈေးနဲ့ အခြားနေရာတွေက စားသုံးပစ္စည်းတွေကို ကျနော်တို့ လိုက်လံစစ်ဆေးတယ်။ တွေ့တဲ့ဟာကို ဈေးသည်တွေ မနစ်နာအောင် ဌာနငွေနဲ့ ဝယ်ယူပြီး ဖျက်ဆီးပစ်ခဲ့ပါတယ်။ ပြီးတဲ့အခါ နိုင်ငံတော်က တားမြစ်ထားတဲ့ အက်ဖ်ဒီအေ က ခွင့်မပြုဘဲ တားမြစ်ထားတဲ့ ကုန်ပစ္စည်း အမှတ်တံဆိပ်တွေကို မိတ္တူကူးပြီး ဈေးရောင်းသူတွေကို ဈေးရုံ ကော်မတီတွေမှာ စုပြီး ပေးဝေ အသိပေးထားတယ်။"
အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက စားသုံးရန်မသင့်တဲ့ ငရုပ်မှုန့်၊ မဆလာ နာမည်ကြီး ဘုတ်ဆုံမ တံဆိပ်အပါအဝင် တံဆိပ် ၃၀ ကျော်ကို တားမြစ်ထားပြီး အသးစိတ်အမည်စာရင်း သိလိုသူများအနေနဲ့ စားသုံးသူရေးရာ ခရိုင်ရုံး ၀၇၃ ၂၁၀၀၃ ၊ ၀၇၃ ၂၁၀၂၉ အပြင် ကလေးမြို့မဈေး ကော်မတီ ဥက္ကဋ္ဌ နဲ့ တာဟန်း ဈေးကော်မတီ တို့ထံမှာ မေးမြန်းနိုင်ပါတယ်။
“ခု ဆို ကျနော်တို့ အနေနဲ့ ပညာပေးတာလည်း လုပ်ပြီးပြီ။ တားမြစ်ကုန်ပစ္စည်းတွေကိုလည်း စာရွက်မိတ္တူကို ဈေးသည်တွေ လက်ထဲ ပေးပြီးပြီ။ ဒီတော့ နောက်ခါ တွေ့ရင်တော့ ဥပဒေအတိုင်း အရေးယူမှု ပြုတော့မှာ ဖြစ်တယ်" လို့ ဦးစိုးငြိမ်းက ဆက်လက် ပြောပါတယ်။
စားသုံးသူကာကွယ်ရေး ဥပဒေအရ တားမြစ်ထားတဲ့ အန္တရာယ်ရှိ အဆိပ်အတောက်တွေ ပါဝင်တဲ့ စားသောက်ကုန် ရောင်းချသူတွေကို ထောင်ဒဏ် သုံးနှစ်အထိ ဖြစ်စေ ငွေဒဏ် သိန်းငါးဆယ်အထိ ဖြစ်စေ အရေးယူနိုင်ကြောင်း သိရပါတယ်။
“တားမြစ်တံဆိပ်တွေကို ဈေးချိုချိုနဲ့ ဝယ်ပြီး ကိုယ့်တံဆိပ်ပြန်ကပ် လက်ခွဲရောင်းတယ်။ ပြီးတော့ မသိနားမလည်သေးတဲ့ လူတွေကို စီးပွားရေးဈေးချပြီး ရောင်းကြတာတွေ ရှိတယ်။ ဒါတွေအတွက်လည်း ဖြစ်လာရင် ဈေးသည်တွေ နစ်နာစရာဖြစ်လာနိုင်တယ်။ အဲဒါကြောင့် ဈေးကွက်မကစားဘဲ ရိုးရိုးသားသားပဲ ရောင်းချမှု လုပ်စေချင်တယ်" လို ဒေသခံ ကိုမြင့်ဇော်ဦးက ဆိုပါတယ်။
မင်းရဲစစ်နိုင်