တင်ဒါခေါ်ယူရာတွင် လက်တလုံးခြား လုပ်နေမှုများကို အပြင်းအထန် အရေးယူမည်
DVB
·
April 18, 2018
လုပ်ငန်းစီမံကိန်းတွေ မပြီးစီးဘဲ အပြီးပြတဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေ၊ နိုင်ငံတော်က ချမှတ်ထားတဲ့ တင်ဒါလုပ်ထုံးလုပ်နည်းနဲ့ မညီညွတ်တဲ့ တင်ဒါခေါ်ယူမှုတွေ၊ တင်ဒါ စည်းမျဉ်းထဲကပဲ လက်တလုံးခြား လုပ်ကိုင်ဆောင်ရွက်မှုတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။
နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားမှာ သမ္မတက အခုလို ထည့်သွင်းပြောကြားခဲ့တာဖြစ်ပြီး ပြည်သူ့ဘဏ္ဍာတွေ အလေအလွင့်မရှိအောင် စီမံခန့်ခွဲနိုင်ဖို့အတွက် စီမံကိန်းရဲ့ ကုန်ကျစရိတ်ကို အနီးစပ်ဆုံး တိကျမှန်ကန်စွာ ခန့်မှန်းတွက်ချက် တင်ပြနိုင်ဖို့၊ ဒေသရဲ့ ကာလပေါက်ဈေးနဲ့အညီ တွက်ချက်နိုင်ဖို့ ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တင်သွင်း တောင်းဆိုထားတဲ့ ဘတ်ဂျက်တွေကိုလည်း အချိန်မီ အမှန်တကယ် သုံးစွဲခြင်းမပြုဘဲထားတဲ့ လုပ်နည်းလုပ်ဟန်တွေ ပြောင်းလဲရမယ်။ ဘတ်ဂျက်ပမာဏကြီးကြီး စိုက်ထုတ်သုံးစွဲရမယ့် စီမံကိန်းကြီးတွေကိုလည်း ထိထိရောက်ရောက် စိစစ်နိုင်တဲ့ အရည်အချင်းတွေကို စီမံကိန်းစိစစ်ရေးနဲ့ တိုးတက်မှု အစီရင်ခံရေးနယ်ပယ်မှာ အမြန်ဆုံး မြှင့်တင်ပေးရမယ်လို့ မိန့်ခွန်းမှာ ပါရှိပါတယ်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအပြင် ဌာနတိုင်းမှာ ဖွဲ့စည်းထားတဲ့ စာရင်းစစ်ကော်မတီတွေ အနေနဲ့လည်း ဘက်လိုက်မှုမရှိ၊ အဂတိကင်းကင်းနဲ့ တိတိကျကျ ဆောင်ရွက်ရမယ်လို့ သမ္မတက ပြောပါတယ်။
Photo : Myanmar President Office