လုပ်ခလစာတိုးမြှင့်ရေး အီလန်ဆပ်ပြာစက်ရုံအလုပ်သမားများ တောင်းဆိုဆန္ဒပြ
DVB
·
December 26, 2016
ဒီနေ့ မနက်ပိုင်းက မန္တလေးတိုင်းမှာရှိတဲ့ အီလန်ဆပ်ပြာစက်ရုံကအလုပ်သမား ၁၀၀ ကျော်ဟာ လုပ်ခလစာတိုးမြှင့်ရေးအပါအဝင် အချက် ၇ ချက်ကို တောင်းဆိုဆန္ဒပြကြပါတယ်။
မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် ၆၂လမ်း (ကနောင်မင်းသားကြီးလမ်း နဲ့ဧဝရတ်လမ်းကြား)မှာ ရှိတဲ့ အီလန်ဆပ်ပြာစက်ရုံက အလုပ်သမားတွေဟာ အလုပ်ချိန် ၈ နာရီအပြင် လစာတိုးမြှင့်ရရှိဖို့၊ အလုပ်အသွားအပြန်မှာ ဖယ်ရီကားစီစဉ်ပေးဖို့၊ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေကို ခွဲခြား မဆက်ဆံဖို့၊ နိုင်ငံခြားသား မအုပ်ချုပ်ဖို့၊ မူးယစ်သောက်စားပြီး အလုပ်သမားတွေကို အုပ်ချုပ်နေတာကို အရေးယူ ပေးဖို့၊ အလုပ်သမားတွေကို တဖက်သတ်ချုပ်ခြယ်တဲ့ စီမံအုပ်ချုပ်ရေးအဖွဲ့ကို ပြုပြင်ပြောင်းလဲ ပေးဖို့၊ Master and Miss ရွေးချယ်ရာမှာအုပ်စုဖွဲ့ လက်သိပ်ထိုး ရွေးချယ်တာကို အရေးယူပေးဖို့ စတာတွေကို တောင်းဆိုခဲ့ကြပါတယ်။
သတင်း၊ ဓာတ်ပုံ - အောင်အောင်နိုင်