မီကိုကော်ဖီစက်ရုံ အလုပ်သမားများ မန္တလေးတိုင်းအစိုးရုံးရှေ့လာရောက်တောင်းဆို
DVB
·
November 5, 2018
မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန် (၂) ကနောင်မင်းသားကြီးလမ်း ၆၄ လမ်းနဲ့ ၆၅ လမ်းကြားရှိ မီကိုကော်ဖီမစ်စက်ရုံက အလုပ်သမားတွေဟာ လုပ်ငန်းခွင် ပြန်ဝင်ခွင့်ရဖို့ မန္တလေးတိုင်း အစိုးရအဖွဲ့ရုံးကို ဒီကနေ့ လာရောက် တောင်းဆိုကြပါတယ်။
အလုပ်ဝင်ခွင့်မရတဲ့ အလုပ်သမား ၃ဝ ဟာ ညှိနှိုင်းဖြေရှင်းပေးဖို့ သက်ဆိုင်ရာကို အကြိမ်ကြိမ်တင်ပြခဲ့သလို အလုပ်သမားဦးစီးဌာနကိုလည်း သွားရောက် အကူအညီတောင်းခံခဲ့ ပေမယ့် သီတင်းတပတ်ကျော်ကြာလာတဲ့အထိ ဖြေရှင်းပေးခြင်းမရှိခဲ့လို့ အခုလို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့ကို လာရောက်ခဲ့ကြရတာလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားများသမဂ္ဂအဖွဲ့ချုပ် ရုံးအဖွဲ့မှူး ကိုကျော်ဇင်ဟိန်းက “ကျနော်တို့ အလုပ်ရှင်နဲ့ EC စာချုပ်ပါ အချက်တွေကို ညှိနှိုင်းဖို့လုပ်တယ်။ ဒါပေမယ့် အလုပ်ရှင်က ကျနော်တို့ အလုပ်သမားတွေကို တွေ့ခွင့်မပေးဘူး ဖုန်းဆက်သွယ်လည်းမကိုင်ဘူး။ အဲဒါ့ကြောင့် ကျနော်တို့ မဲပေးထားတဲ့ အစိုးရကိုအားကိုးပြီး ဖြေရှင်းပေးဖို့ လာ အကူအညီတောင်းတာပါ” လို့ ပြောပါတယ်။
မီကိုကော်ဖီစက်ရုံ အလုပ်သမား မအေးမာက “ကျမတို့က နယ်ကလာပြီး လာလုပ်တာ။ အဆောင်နေရတာလေ။ ဘာမှမလုပ်ရလို့ လခမရရင် စားဝတ်နေရေး ကအစ အခက်အခဲတွေရှိတယ်။ ကျမတို့ အနေနဲ့က အလုပ်ကို သေချာလုပ်ရဲ့သားနဲ့ ဘာလို့အလုပ်ဆင်းခွင့်မပေးတာလဲ ဆိုတာ သိချင်တယ်။ ကျမတို့မှာ အဆောင်စရိတ်တွေ၊ ထမင်းစရိတ်တွေက အလုပ်ဆင်းရမှ ပြေလည်မှာ ဖြစ်တယ်”လို့ ပြောပါတယ်။
စက်ရုံအတွင်း အမျိုးသမီး အလုပ်သမားတွေကို အလုပ်သမားခေါင်းဆောင်အများစုက နှုတ်နဲ့ရော ကိုယ်အမူအရာနဲ့ပါ လိင်ပိုင်းဆိုင်ရာထိခိုက်စော်ကားမှုတွေလည်းရှိနေတာကို အလုပ်သမားနဲ့ သက်ဆိုင်တဲ့ဌာနတွေကို တင်ပြထားပေမယ့် ယနေ့အချိန်အထိ အရေးယူဆောင်ရွက်တာမရှိဘူးလို့ အလုပ်သမား သမဂ္ဂ၀င် ကိုကျော်ဇင်ဟိန်းက ပြောပါတယ်။
အခုလို မီကိုစက်ရုံက အလုပ်သမား၃ဝက မန္တလေးတိုင်းဒေသကြီး အစိုးရရုံးကတာဝန်ရှိသူတွေကို အကူအညီလာရောက်တောင်းဆိုတာကို တိုင်းအစိုးရ တာဝန်ရှိသူတွေက နိုဝင်ဘာ ၉ရက်နေ့မှာ ညှိနှိုင်း ဖြန်ဖြေရုံးမှာ ဖြေရှင်းပေးမယ်လို့ အကြောင်းပြန်ကြား ပေးလိုက်ပါတယ်။
မီကိုကော်ဖီမစ်စက်ရုံ အလုပ်သမားတွေဟာ စက်တင်ဘာ ၁၈ရက်ကလည်း တောင်းဆိုချက် ၂၁ချက်နဲ့အတူ သပိတ်မှောက်ဆန္ဒပြခဲ့ပါသေးတယ်။