ဖရီးထရိတ်က အလုပ်သမားတွေအတွက် ဘာကြောင့် အလုပ်မဖြစ်တာလဲ
DVB
·
December 21, 2016
(စတိဗ်ကင်းက သမားရိုးကျ စီးပွားရေးသီအိုရီတွင်ရှိသည့် ချို့ယွင်းချက်များနှင့် သမ္မတ ထရမ့်အနေဖြင့် လုပ်ငန်းစဉ်ကို ပြောင်းပြန်လှန်ပစ်ရန် ဘာတွေလုပ်နိုင်မှာလဲ ဆိုသည်ကို ရှင်းပြထားပါသည်။)
သမားရိုးကျ စီးပွားရေးသီအိုရီအရဆိုလျှင် လွတ်လပ်စွာ ကုန်သွယ်ရေး (Free Trade) သည် ဖွံ့ဖြိုးဆဲနိုင်ငံများရော၊ ဖွံ့ဖြိုးပြီးနိုင်ငံများအတွက်ပါ အတူတကွ အနိုင်ရသည့် ဖြေရှင်းချက်ဖြစ်သည်။ ထိုသီအိုရီကို ကမ္ဘာရွာပြုမှုကို ထောက်ခံသူများ (Globalists) က အမေရိကန်များအား နက်ဖ်တာ (NAFTA) တွင် လက်ခံအောင် ပြုလုပ်လိုက်ကြပြီး တရုတ်ပြည်အား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) သို့ ဝင်လာနိုင်စေခဲ့သည်။ သို့သော် လက်တွေ့တွင် ထင်သလို ဖြစ်မလာခဲ့ပေ။
နောက်ပိုင်းတွင် အလုပ်အကိုင် ဆုံးရှုံးသွားသည့် သန်းပေါင်းများစွာသော အမေရိကန် အလုပ်သမားများ (ဝစ်ကွန်ဆင်၊ အိုဟိုင်းယိုးနှင့် မစ်ချီဂန်ပြည်နယ်များတွင် နေထိုင်ကြသူများ) က ဆယ်စုနှစ်ပေါင်းများစွာအတွင်း ဖရီးထရိတ် အယူအဆကို ပထမဦးဆုံး ဆန့်ကျင်သည့် သမ္မတလောင်းတယောက်ဖြစ်သူ ဒေါ်နယ်ထရမ့်ကို မဲပေးခဲ့ကြလေသည်။
အဘယ်ကြောင့် ဖရီးထရိတ်က အလုပ်မဖြစ်သလဲ၊ သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် ပင်လယ်ရပ်ခြားသို့ လုံးဝနီးပါး ရောက်သွားပြီဖြစ်သည့် အမေရိကန် ထုတ်လုပ်ရေးလုပ်ငန်းများကို ပြန်လာစေရန် ဘာတွေလုပ်ကိုင်နိုင်မည်လဲ။
ခေတ်ပြိုင်ဘောဂဗေဒဘာသာရပ်အနေဖြင့် အဆိုပါမေးခွန်းများကို ဖြေကြားနိုင်မည် မဟုတ်ပေ။ သို့ဖြစ်၍ အက်ပို့တိုင်းမ်စ် (Epoch Times) မှ “အမှားများကို ဖွင့်ချလိုက်တဲ့ စီးပွားရေး” (Debunking Economics) စာအုပ်ကို ရေးသားသူလည်းဖြစ်၊ လန်ဒန် ကင်းစတန်းတက္ကသိုလ်မှ ကထိကလည်းဖြစ်သူ စတိဗ်ကင်းအား တွေ့ဆုံပြီး ထရမ့်အနေဖြင့် အမေရိကန် ထုတ်လုပ်ရေး လုပ်ငန်းများကို မည်သို့ ပြန်လည်ရှင်သန်လာအောင် လုပ်နိုင်မည်ဆိုသည်ကို ရှင်းလင်းပြရန် အင်တာဗျူးခဲ့ပါသည်။
Epoch Times: ဖရီးထရိတ်က သူတို့ကြော်ငြာထားသလို ဘာကြောင့် အလုပ်မဖြစ်ရတာလဲ။
Steve Keen: သမားရိုးကျ သီအိုရီရဲ့ အစပြုချက်က ခင်ဗျားအနေနဲ့ တခုခုကို အထူးပြုပြီး စွမ်းဆောင်ရည်ကို မြင့်မားအောင်လုပ်နိုင်တယ်ဆိုတာပဲ ဖြစ်တယ်။ ဥပမာအားဖြင့် တရုတ်ပြည်အနေနဲ့ ထုတ်လုပ်မှုလုပ်ငန်း နှစ်ခုဖြစ်တဲ့ သံမဏိနဲ့ ချည်ထည်မှာ အမေရိကန်ထက် လုံးဝ ပိုကောင်းတယ်။ ဒါပေမယ့် ပြိုင်ဆိုင်နိုင်တဲ့ အခွင့်အလမ်းသာမှုမှာတော့ နှိုင်းယှဉ်ချက်အရ သံမဏိက ချည်ထည်ထုတ်လုပ်ရေးထက် ပိုမြင့်တယ်။
ဒါကြောင့် သမားရိုးကျ သီအိုရီအရဆိုရင် အမေရိကန်ပြည်ထောင်စုက ချည်ထည်တွေ ထုတ်လုပ်သင့်ပြီး တရုတ်က သံမဏိတွေ ထုတ်လုပ်သင့်တယ်။ ဒါက သက်ဆိုင်ရာကဏ္ဍတွေမှာလည်း စွမ်းဆောင်ရည် မြင့်တက်လာစေမှာ ဖြစ်ပြီး နှစ်နိုင်ငံလုံးကလည်း ဖရီးထရိတ်မရှိတဲ့ အခြေအနေထက် ပိုမိုပြီး ထုတ်လုပ်နိုင်ကြလိမ့်မယ်။
အဲဒီမှာ အနိုင်ရသူတွေနဲ့ ရှုံးနိမ့်သူတွေ ရှိလာလိမ့်မယ်ဆိုတာ ဝန်ခံတယ်။ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ချည်ထည်လုပ်ငန်းတွေ အနိုင်ရမှာဖြစ်ပေမယ့် သံမဏိလုပ်ငန်းတွေ နစ်နာဆုံးရှုံးလိမ့်မယ်။ သီအိုရီအရက အနိုင်ရသူတွေက ဆုံးရှုံးနစ်နာသူတွေကို ထောက်ပံ့ကြေးပေးရမှာဖြစ်ပြီး ခြုံပြီးတွက်ရင် အားလုံးအတွက် ပိုရမယ်။
ဂန္ထဝင် ဘောဂဗေဒပညာရှင် ဒေးဗစ်ရီကာဒို (၁၇၇၂-၁၈၂၃) ကတောင် ထုတ်လုပ်ရေးလုပ်ငန်းတခုတည်းက အလုပ်တွေ ဆုံးရှုံးသွားကြတဲ့ အလုပ်သမားတွေနဲ့ ပတ်သက်တဲ့ ဝိုင်နဲ့ အဝတ်အထည်တွေအကြောင်း ပြောခဲ့ပါသေးတယ်။ ခေတ်သစ်ဘောဂဗေဒ ပညာရှင်တွေ အလိုအရဆိုရင် ဆုံးရှုံးသွားတဲ့ စက်မှုလုပ်ငန်းက အလုပ်သမားတွေဟာ အနိုင်ရတဲ့ စက်မှုလုပ်ငန်းမှာ အလုပ်ရနိုင်တယ်လို့ ပြောကြမှာပါ။
ဒါက အပြည့်အဝ အလုပ်ပေးနိုင်တယ်လို့ ယူဆတာပဲဖြစ်လို့ အလုပ်လိုချင်သူတိုင်း အလုပ်ရနိုင်တယ်ဆိုတဲ့ အစစ်အမှန်မဟုတ်တဲ့ ကမ္ဘာပေါ့။ နောက်တချက်က စက်မှုလုပ်ငန်းတခုကနေ နောက်တခုဆီကို သယံဇာတအင်အားစုတွေကို ရွှေ့နိုင် ပြောင်းနိုင်တယ်လို့ ယူဆထားချက်ပဲ ဖြစ်တယ်။ အလုပ်သမားတွေကတော့ အသစ်ပြန်လေ့ကျင့် သင်ကြားရမှာ၊ ချည်ထည်လုပ်ငန်းက အလုပ်သမားကို သံမဏိလုပ်ငန်းမှာ ပြန်လေ့ကျင့်ပေးလို့ ရနိုင်တယ်။ အချိန်ပေးရလိမ့်မယ်ဆိုပေမယ့် လုပ်လို့ရနိုင်ပါတယ်။
ကနေ့ တရုတ်ပြည်က ပစ္စည်းအတော်များများ အားလုံးလိုလို ထုတ်လုပ်နိုင်နေတာကို ခဏထားလိုက်ပါဦး။ မဖြစ်နိုင်တာက ချည်ငင်စက်ကို သံမဏိချက်တဲ့ မီးဖိုကြီးအဖြစ်ကို ပြောင်းဖို့က မဖြစ်နိုင်ဘူး။ အဲဒီတော့ စက်ရုံပျက်တွေ စုပုံလာရော။ တရုတ်နဲ့ အမေရိကန်ကိစ္စမှာဆိုရင် အမေရိကန်က သံမဏိစက်ရုံက ချည်ငင်စက်ရုံတွေ ဖြစ်မလာနိုင်ပါဘူး။ ဒါဆိုတော့ စက်ရုံပျက် ဖြစ်သွားပြီ။ ဒီတော့ ခင်ဗျားအနေနဲ့ နိုင်ငံတနိုင်ငံမှာရှိတဲ့ ရုပ်ဝတ္ထုသယံဇာတတွေ လုံးဝဥဿုံ ဖျက်ဆီးပစ်လိုက်တာမျိုးပဲ ရမယ်။
ဒါမှမဟုတ် အဲဒီအရင်းအနှီးတွေကို အလုပ်သမားဈေးပေါတဲ့ တရုတ်တို့၊ မက္ကဆီကိုတို့ကို ရွှေ့။ အဲလိုနဲ့ ခင်ဗျားရလာမှာက လူတန်းစားဝင်ငွေ ပြန်လည်ခွဲဝေမှု။ ဖွံ့ဖြိုးပြီးနိုင်ငံက အလုပ်သမားတွေက ဆုံးရှုံးမယ်။ အဲဒီတိုင်းပြည်က အရင်းရှင်ကတော့ အမြတ်ရမယ်။ ဖွံ့ဖြိုးပြီးနိုင်ငံက အရင်းရှင်တွေက စက်ရုံတွေကိုရော အလုပ်သမားတွေကိုပါ ပိုင်ဆိုင်တုန်းပဲ။ ဒါပေမယ့် တခြားတိုင်းပြည်မှာ လုပ်ခနိမ့်တဲ့ အလုပ်သမားတွေ။ နောက်ပြီး သူတို့ရဲ့ ထုတ်ကုန်ပစ္စည်းတွေကို အမေရိကန်ဈေးကွက်ကို ပြန်ပို့မယ်။ ရောင်းဈေးက အရင်လိုပဲ။ ဒါပေမယ့် ကုန်ကျစရိတ်က နိမ့်တယ်။ ဒီတော့ အဲဒီအရင်းရှင်ကြီးတွေက အကျိုးအမြတ်ရတယ်။ အလုပ်သမားလူတန်းစားကတော့ သူတို့အသုံးစရိတ်အတွက် အကြွေးတွေ အများကြီးနဲ့ ရုန်းကန်နေရတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ ဝင်ငွေမှ မရှိတော့တာကိုး။
ဖွံ့ဖြိုးဆဲနိုင်ငံက အလုပ်သမားတွေလည်း အကျိုးအမြတ်ရပါတယ်။ ဒါကြောင့် ဒီကိစ္စက ဖွံ့ဖြိုးပြီးနိုင်ငံက ဥစ္စာဓနကို ဖွံ့ဖြိုးဆဲနိုင်ငံဆီကို လွှဲပြောင်းလိုက်တာပဲ။
Epoch Times: အနောက်နိုင်ငံ လူ့အဖွဲ့အစည်းတွေက ဘယ်လိုနဲ့ ဒီလိုဖြစ်ခွင့်ပြုလိုက်တာလဲ။
Mr. Keen: တွန်းအားကတော့ အမြတ်အစွန်းပေါ့ဗျာ။ ပြဿနာက ကုမ္ပဏီတွေ၊ ဒါမှမဟုတ် အစိုးရတွေက သူတို့ရဲ့လောဘကို သတ်နိုင်မလားဆိုတာပဲ။ အလုပ်သမားတွေ ဘာစဉ်းစားနေသလဲဆိုတာကို ခင်ဗျား ဂရုမစိုက်ဘူးဆိုရင် ခင်ဗျား လောဘသတ်မှာ မဟုတ်ဘူး။
ဒါပေမယ့် ဒီမိုကရေစီစနစ်မှာ အဲဒီမှာ ပွိုင့်ပဲဗျ။ အလုပ်သမားတွေက ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် သူတို့အလုပ်တွေ ဆုံးရှုံးတယ်။ သူတို့မှာ ကြားလိုက်ရရင် ရိုးအီနေတဲ့ မစားရဝခမန်း နတ်သမီးပုံပြင်တွေ။ ဒါတွေကို သူတို့ မခံစားချင်တော့ဘူး။ သူတို့ရဲ့ ယိုယွင်းလာနေတဲ့ လမ်းတွေ၊ စက်ရုံတွေ၊ မျှော်လင့်ချက်မဲ့တဲ့ အလုပ်တွေ၊ နိမ့်ကျတဲ့ ဝင်ငွေခွဲဝေမှုတွေ ကြည့်ပြီး “ခင်ဗျား သိမယ်။ ကျုပ် ဒါတွေကို ဆန့်ကျင်ပြီး မဲပေးမယ်” လို့ ပြောကြတာဗျ။
ဒါကြောင့် တကမ္ဘာလုံးမှာ ကျနော်တို့ မြင်နေရတာက ထရမ့်တို့၊ ဘရီဇစ်တို့ (Brexit - ဗြိတိန် အီးယူမှ ထွက်ခွာခြင်း) ပေါ့။ ဒါတွေက ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ ဖိုင်နန်ရှယ်လိုက်ဇေးရှင်း (စီးပွားရေးဆန်လွန်းခြင်း) ကို တော်လှန်ဆန့်ကျင်မှုတွေပဲ။ လုံးဝ ဆုံးရှုံးနစ်နာသူတွေကတော့ ပထမကမ္ဘာက အလုပ်သမားလူတန်းစားပဲ။ အနိုင်ရလိုက်သူတွေကတော့ နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးတွေပေါ့။
Epoch Times: အနောက်နိုင်ငံအစိုးရတွေက အလုပ်အကိုင် ဆုံးရှုံးသွားတဲ့သူတွေကို လူမှုဖူလုံရေးတွေ တိုးချဲ့ပေးရင်းနဲ့ ဖုံးကွယ်ဖို့ ကြိုးစားကြတယ်။ ထရမ့်ကို ရွေးချယ်လိုက်တာကို ကြည့်ရင် အလုပ်သမားတွေက ဒါတွေကို ဆက်လက်ကျေနပ်နှစ်သိမ့်နေပုံ မရဘူး။
Mr. Keen: ဟုတ်တယ်။ လူသားတွေက လူ့အဖွဲ့အစည်းကို အကျိုးပြုရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် လေးစား တန်ဖိုးထားတယ်။ တကယ်လို့ ခင်ဗျားဟာ လူသားတယောက်ဖြစ်ပြီး အသက်ရှင်ဖို့ ပေးစာကမ်းစာနဲ့ နေထိုင်ရတယ်ဆိုရင် တဦးချင်းအနေနဲ့ ပျော်ရွှင်မှာမဟုတ်ဘူး၊ ကိုယ့်ကိုယ်ကိုယ် လေးစားတန်ဖိုးထားမှုကလည်း လုံးဝကျဆင်းသွားမှာပဲ။ ဒါပေမယ့် ခင်ဗျားမှာ အလုပ်တခုရှိပြီး လူ့အသိုင်းအဝန်းကိုလည်း ကျေးဇူးပြုနိုင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထား လေးစားမှုလည်း ရှိလာမှာပဲ။
ဒီလူမှုဖူလုံရေးအစီအစဉ်တွေဟာ မလည်ပတ်တော့တဲ့ စက်ရုံဧရိယာက လူတွေကို ပေးတာဖြစ်ပြီး သူတို့ကို မခံချိမခံသာနဲ့ ဒေါသထွက်စေတယ်။ ကိုယ့်ကိုယ်ကိုယ် လေးစား တန်ဖိုးထားမှုကို အစော်ကားခံရလို့ ဒီဖြေရှင်းချက်တွေအပေါ် သူတို့ မပျော်ပိုက်ကြဘူး။
ထရမ့်က ဘာကြောင့် ဆွဲဆောင်နိုင်တာလဲဆိုတာ ဒါကြောင့်ပဲ။ သူတို့က ထရမ့် နိုင်ငံရေးအရ မှန်တာ၊ မှားတာတွေ ဂရုမစိုက်ဘူး။ ထရမ့်က လက်ပစ်ဗုံးနဲ့ တူတာကို သူတို့က သဘောကျကြတာ။ သူတို့က လူသားလက်ပစ်ဗုံးနဲ့ ဝါရှင်တန်ကို ပစ်ခွဲကြတာလေ။
Epoch Times: ဟုတ်ပါပြီ။ ဒါဆို ထရမ့်အနေနဲ့ လုပ်ငန်းစဉ်ကို ဘယ်လို ပြောင်းပြန်လှန်နိုင်မလဲ။
Mr. Keen: အမေရိကအနေနဲ့ ကိုယ့်ရဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းတွေအားလုံး နိုင်ငံပြင်ပကို ရွှေ့ပြောင်းခဲ့ပြီးပြီဆိုတော့ ဒီလုပ်ငန်းစဉ်ကို ပြောင်းပြန်လှန်ဖို့က တော်တော်ခက်မယ်။ ခင်ဗျားအနေနဲ့ စက်မှုလုပ်ငန်းရဲ့ စွမ်းဆောင်ရည်တွေကိုသာ ဆုံးရှုံးတာ မဟုတ်သေးဘူး။ ကျွမ်းကျင်မှု အခြေခံကိုလည်း ဆုံးရှုံးခဲ့ရတယ်။ ခင်ဗျားမှာ အင်ဂျင်နီယာတွေ၊ ဒီဇိုင်နာတွေ မရှိတော့ဘူး။ သူတို့အနေနဲ့ နှစ်စဉ် ဗားရှင်းအသစ် တည်ဆောက်ရတယ်။ အခုတော့ အားလုံးမရှိတော့ဘူးပေါ့။
သူလုပ်နိုင်တဲ့ ဘဏ္ဍာရေးမျက်နှာစာကတော့ အခြေခံအဆောက်အဦတွေမှာ ရင်းနှီးမြှုပ်နှံဖို့ပဲ။ တကယ်လို့ သူပြောခဲ့သလို ကြီးမားတဲ့ အစီအမံဖြစ်တဲ့ “အမေရိကတွင် လုပ်သည်” (made-in-America policy) ပေါ်လစီကို ခိုင်ခိုင်မာမာဆုပ်ကိုင်ပြီး လုပ်မယ်ဆိုရင် စက်မှုပြန်လည်ထူထောင်ရေး ဖြစ်ပေါ်လာဖို့ ဘဏ္ဍာရေးအထောက်အပံ့ ရလိမ့်မယ်။ ကျနော့်အနေနဲ့ ဖြစ်လာနိုင်ခြေရှိတဲ့ လိုငွေပြမှုကို စိတ်မပူဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့လက်ထဲမှာ ကမ္ဘာ့အရန်ငွေကြေးရှိတယ်။ နောက်ပြီး ဖက်ဒရယ် (Federal reserve bank) ဗဟိုဘဏ်က နေပြီးတော့လည်း လိုအပ်သလောက်ငွေကို ရိုက်ထုတ်နိုင်တယ်။
အဲဒီနောက် အခြေခံအဆောက်အဦတွေအတွက် အစိတ်အပိုင်းတွေကို ကိုယ့်နိုင်ငံမှာပဲ ထုတ်လုပ်ပြီဆိုရင် ကုန်သွယ်ရေး အခွန်အကောက်တံတိုင်းတောင် မလိုအပ်ဘူး။ ကျနော့်အမြင်အရတော့ ဒါဟာ WTO စည်းမျဉ်းတွေအရ ကုန်သွယ်ရေး အတားအဆီး မဟုတ်ပါဘူး။ ဒါပေမယ့် ဒါက ထရမ့်အနေနဲ့ WTO နဲ့ ပထမဆုံး အငြင်းပွားရမယ့်ကိစ္စ ဖြစ်လာနိုင်တယ်။
ဘာဖြစ်လို့လဲဆိုတော့ အစိုးရရဲ့ လိုအပ်ချက်ရှိတယ်။ ပစ္စည်းအစိတ်အပိုင်းတွေဟာ နိုင်ငံတွင်းမှာ ထုတ်လုပ်ထားတာ ဖြစ်ရမယ်။ ငွေပင်ငွေရင်းတွေ ရင်းနှီးမြှုပ်နှံဖို့ လိုမယ်။ အလုပ်သမားတွေကိုလည်း အလုပ်အတွက် လေ့ကျင့်သင်ကြားပေးဖို့ လိုမယ်။ ဒီလိုနဲ့ အခြေခံအဆောက်အဦတွေ တည်ဆောက်ရင်းက ထုတ်လုပ်ရေးတက်လာပြီး တိုးတက်မှု ထပ်ရလာမယ်။
Epoch Times: အခွန်အကောက် ကိစ္စက ဘယ်လိုလုပ်မလဲ။
Mr. Keen: အဲဒါတော့ အေးအေးငြိမ်းငြိမ်းနဲ့ ပြီးသွားမယ်မထင်ဘူး။ အမေရိကန် ကုမ္ပဏီတွေရဲ့ တုံ့ပြန်ချက်တွေ ရှိလိမ့်မယ်။ ထရမ့်က ခပ်ကြမ်းကြမ်း ကစားတတ်တယ်။ အခုတော့ သူ့အနေနဲ့ ဗျူရိုကရက်တွေ၊ ကော်ပိုရိတ် နောက်ကွယ်က လူတွေနဲ့ စေ့စပ်ဆွေးနွေးရတော့မှာပေါ့။
ထရမ့်က WTO နဲ့ ဆောင်ရွက်တဲ့ကိစ္စတွေအပေါ်မှာ ထိန်းချုပ်ဖို့ ကြိုးစားမှုတွေ ရှိလိမ့်မယ်။ ဒီကြိုးစားမှုတွေ ဘယ်လောက် အောင်မြင်မယ်၊ မအောင်မြင်ဘူး ဆိုတာ စိတ်ဝင်စားစရာ ကောင်းလိမ့်မယ်။
Epoch Times: စက်ရုပ်လုပ်သားတွေ ကိစ္စကကောဗျာ။ အဲဒါက လုပ်ငန်းတွေ နိုင်ငံတွင်း ပြန်ရွှေ့ဖို့ဆိုတဲ့ လုပ်ငန်းစဉ်တခုလုံးကို အဓိပ္ပာယ်မဲ့ ဖြစ်သွားအောင် လုပ်ပစ်မယ်ထင်လား။
Mr. Keen: ထုတ်လုပ်ရေးလုပ်ငန်းတွေကို ပင်လယ်ရပ်ခြားရွှေ့ပြောင်းဖို့ နှိုးဆွခဲ့တာက ဈေးပေါတဲ့ လုပ်အားပဲ။ ဒါပေမယ့် ကျနော်တို့မှာ ပိုပိုကောင်းလာတဲ့ စက်ရုပ်တွေ ရှိလာနေတယ်။ ခင်ဗျားမှာ စက်တွေ ရနိုင်တယ်။ ခင်ဗျားမှာ စည်းပတ်လမ်းမျိုးစုံအတွက် ပြန်လည် လေ့ကျင့်ပေးနိုင်တယ်။
နောက်ပြီး အခုခေတ်စားလာနေတဲ့ (3-D printing turning up) သရီးဒီ ပရင့်တင်း တန်းနင်းအပ် ရှိမယ်။ ဒါတွေက ဈေးချိုတဲ့ လုပ်အားမလိုဘဲ ပြည်တွင်းမှာ ကုန်ပစ္စည်းတွေ ထုတ်လုပ်နိုင်တယ်လို့ဆိုတဲ့ အဓိပ္ပာယ်ပါ။ ဒါ့အပြင် ဒါက လုံးဝလုပ်အားသုံးစရာ မလိုဘဲ ကုန်ထုတ်လုပ်ရေးကို လုပ်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်လည်း ဖြစ်တယ်။
ကောင်းကောင်းလည်ပတ်နေတဲ့ လူ့အဖွဲ့အစည်းတရပ်မှာ ဒါက ပြဿနာမဖြစ်နိုင်ပါဘူး။ ခေတ်သစ်ဂန္ထဝင်အရင်းရှင်စနစ်မှာ ပြဿနာက အလုပ်သမားတွေအနေနဲ့ အလုပ်ဆုံးရှုံးသွားရတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ တခုတည်းသောဝင်ငွေရလမ်းက လုပ်အားခဖြစ်လို့ပါ။ တကယ်လို့ လုပ်အားခအတွက် မလိုအပ်ဘူးဆိုရင် ခင်ဗျားမှာ ဝင်ငွေလည်း ရှိတော့မှာ မဟုတ်ဘူး။
ဒါကြောင့် ကျနော်တို့ဟာ အရင်းရှင်စနစ်လွန်ခေတ်ရဲ့ ဝင်ငွေစနစ်ကို စဉ်းစားသုံးသပ်ဖို့ လိုလိမ့်မယ်။ ထရမ့်က လက်ယာသမားဖြစ်ပေမယ့် အစိုးရသေးသေးကို ထောက်ခံတဲ့ အယူအဆရှိသူ မဟုတ်ဘူး။
သမားရိုးကျ ဘောဂဗေဒသီအိုရီက ခင်ဗျားကို အဲဒီလို စဉ်းစားခိုင်းမှာပဲ။ အစိုးရ အရွယ်အစားကို တတ်နိုင်သမျှ လျှော့ချဖို့ပေါ့။ ထရမ့်ကတော့ အဲဒီလို စဉ်းစားလိမ့်မယ် မထင်ဘူး။ သူက သူရဲ့အယူအဆအတိုင်း ပိုပြီး လက်တွေ့ကျလိမ့်မယ်လို့ ထင်ပါတယ်။
ရဲထွန်း (သီပေါ)
Epoch Times |မှ Valentin Schmid, ၏ Why Free Trade Doesn’t Work for the Workers ကို ဆီလျော်အောင် ပြန်ဆိုပါသည်။