တိုးမြစ်အတွင်း၌ ရေယာဉ် ၂ စီးတိုက်မိ၊ ၁ စီးနစ်မြုပ်
DVB
·
December 20, 2016
ရန်ကုန်တိုင်း ကော့မှူးမြို့နယ်၊ တိုးမြစ်အတွင်းမှာ မနေ့ညက ရေယာဉ် ၂ စီး တိုက်မိမှုဖြစ်ပွားပြီး ၁ စီးနစ်မြုပ်သွားတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၁၉ ရက် ည ၈ နာရီလောက်က ကော့မှူးမြို့နယ်၊ တိုးမြစ်အတွင်း ဝဲကြီးကွေ့အနီးမှာ ပုသိမ်သူ ရန်ကုန်-မော်ကျွန်း-ပုသိမ် ခရီးသည်တင် ရှပ်ပြေးရေယာဉ်နဲ့ ချမ်းမြေ့ထွန်း ကုန်တင်ရေယာဉ်တို့ တိုက်မိခဲ့တာဖြစ်ပြီး ချမ်းမြေ့ထွန်းရေယာဉ်ဟာ တိုးမြစ်အတွင်း နစ်မြုပ်သွားတယ်လို့ ဆိုပါတယ်။
ရန်ကုန်မှ မော်ကျွန်းသို့ မောင်းနှင်သွားတဲ့ ပုသိမ်သူရေယာဉ်နဲ့ ကျိုက်လတ်မှ ရန်ကုန်သို့ မောင်းနှင်လာနေတဲ့ ချမ်းမြေ့ထွန်း ကုန်တင်ယာဉ်တို့ ဝဲရှောင်ကွင်းမောင်းနှင်ရာက မျက်နှာချင်းဆိုင်တိုက်မိကာ နစ်မြုပ်သွားခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။
ပုသိမ်သူ ခရီးသည်တင်ရေယာဉ်ပေါ်မှာ ခရီးသည် ၃၀၀ ဦးခန့်ပါရှိပြီး ရေယာဉ်တိုက်မှုဖြစ်ပွားစဉ်မှာ ဒဏ်ရာရခဲ့ခြင်း မရှိပေမယ့် ချမ်းမြေ့ထွန်း ကုန်တင်ရေယာဉ်ပေါ်ပါ အမျိုးသားတဦး ဦးခေါင်းပေါက်ပြဲ ဒဏ်ရာအနည်းငယ် ရရှိခဲ့တယ်လို့ သိရပါတယ်။