Home
မြန်မာသတင်း
ရှေးဟောင်းဘုရားတွေထဲ မဖွယ်မရာပြုမူ ဓာတ်ပုံဗွီဒီယိုမရိုက်ရန် သတိပေး
DVB
·
December 19, 2016
untitled-1
ရှေးဟောင်းစေတီပုထိုးအဆောက်အဦတွေထဲမှာ ဓာတ်ပုံ၊ ဗီဒီယိုရိုက်တာနဲ့ မဖွယ်မရာပြုမူနေထိုင်တာ တွေမလုပ်ကြဖို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက သတိပေးနှိုးဆော်ထားပါတယ်။ မြန်မာနိုင်ငံတ၀န်းမှာရှိတဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေကို ကာကွယ်ထိန်းသိမ်းရေးအတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနက သတိပေးနှိုးဆော်ချက် ၁၀ ချက် ထုတ်ပြန်ထားတာဖြစ်ပါတယ်။ သတိပေးတားမြစ်ချက်တွေထဲမှာ ဘုရားဝတ်ပြုကြည်ညိုနေသူတွေနဲ့ တရားထိုင်နေသူတွေကို အနှောင့်အယှက်ဖြစ်စေမယ့် အော်ဟစ်ဆူညံတာ၊ ကျယ်လောင်စွာပြောဆိုတာတွေမလုပ်ဖို့နဲ့ ရှေးဟောင်းအဆောက်အအုံတွေထဲရှိ နံရံဆေးရေးပန်းချီတွေကို ပွတ်သပ်ကိုင်တွယ်တွေ မလုပ်ဖို့ ပါဝင်ပါတယ်။ ရှေးဟောင်းအဆောက်အအုံတွေထဲမှာ ဓာတ်ပုံ၊ ဗီဒီယိုနဲ့ ရုပ်ရှင်ရိုက်တာ၊ Flash မီးသုံးတာ၊ အဂါရ၀ဖြစ်စေမယ့် ဘုရားဆင်းတုတော်တွေနဲ့ တွဲဖက်ပြီး ဓာတ်ပုံ၊ ဗီဒီယိုရိုက်တာ၊ ဘုရား ဆင်းတုတော်တွေဘက် ခြေကန်တာတွေမလုပ်ဖို့ တားမြစ်ထားသလို ရှေးဟောင်းပစ္စည်းတွေကို မှောင်ခိုရောင်းဝယ်တာမလုပ်ဖို့၊ ရှေးဟောင်းအဆောက်အအုံထဲ မဖွယ်မရာပြုမူနေထိုင်တာ၊ စာတွေ၊ ရုပ်ပုံတွေရေးခြစ်တာ မလုပ်ဖို့လည်း သတိပေးထားပါတယ်။ ဒါ့အပြင် ဘုရားပုံတော်တွေကို ခန္ဓာကိုယ်မှာ ဆေးမှင်ကြောင်၊ တက်တူးမထိုးဖို့၊ စေတီရံ၊ ပစ္စယံ၊ ဘုရား၊ ပလ္လင်တွေပေါ်တက်အိပ်တာမလုပ်ဖို့၊ ရှေးဟောင်းအဆောက်အအုံတွေထဲ ချက်ပြုတ် စားသောက်တာနဲ့ အညစ်အကြေးအမှိုက်တွေမစွန့်ပစ်ဖို့လည်း သာသနာရေးဌာနက သတိပေးထား ပါတယ်။ မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ပုဂံဘုရားတွေထဲမှာ ဖိလစ်ပိုင်နိုင်ငံ မနီလာ အခြေစိုက် မင်္ဂလာဆောင်ဝန်ဆောင်မှုလုပ်ငန်းတခုက ရိုက်ကူးထားတဲ့ မင်္ဂလာ အကြိုဓာတ်ပုံတွေ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ထွက်လာပြီးနောက် ခုလို သတိပေးတားမြစ်ချက်တွေ ထွက်ပေါ်လာတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024