လားရှိုး ဓာတ်ဆီတိုင်အနီး လက်လုပ်မိုင်း ၂ လုံးပေါက်ကွဲ
DVB
·
November 28, 2016
ရှမ်းပြည်နယ် လားရှိုးမြို့နယ် ဟိုပိတ်ရွာအနားမှာ လက်လုပ်မိုင်း (၂) လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သိရပါတယ်။
နိုဝင်ဘာ ၂၈ မနက် ၁၁ နာရီလောက်က လားရှိုးမြို့နယ် ဟိုပိတ်ရွာအနီး သံလွင်ဓါတ်ဆီ အရောင်းဆိုင်အနီးမှာ လက်လုပ်မိုင်း (၂) လုံး ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူတွေသေဆုံးမှုနဲ့ ထိခိုက်ပျက်စီးမှု မရှိဘူးလို့သိရပါတယ်။
အလားတူ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက် ညနေ ၆ နာရီ ၄၅ မိနစ်အချိန်ခန့်ကလည်း နမ့်ခမ်းမြို့နယ် လွယ်အင်ကျေးရွာအဝင် ညောင်ပင်အနီးမှာ တအာန်းပလောင် လက်နက်ကိုင်အဖွဲ့က ထောင်ထားတဲ့ မိုင်း ၁ လုံး ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။